စစ်ကောင်စီ ဗျူဟာမှူးကျလို့ ‌ရွာလုံးကျွတ်မီးရှို့ခံရပြီး သေဆုံးပြည်သူတွေလည်း ရှိနေ

စစ်ကောင်စီ ဗျူဟာမှူးကျလို့ ‌ရွာလုံးကျွတ်မီးရှို့ခံရပြီး သေဆုံးပြည်သူတွေလည်း ရှိနေ

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ်ပြာကျကာ မီးထဲပါသေဆုံးတဲ့ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က ရွာကို မီးစရှို့တာဖြစ်ပြီး အဆိုပါစစ်ကြောင်းဟာ ၂၅ ရက်နေ့ ညပိုင်းမှာဖြစ်တဲ့ ရွှေဘိုဘက်က တိုက်ပွဲကို စစ်ကူသွားဖို့ထွက်ချိန် ရွာနားမှာမိုင်းမိပြီး ဗျူဟာမှူးကျသွားလို့ ရွာကိုမဲပြီး ရှို့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းထဲ မီးဘေးသင့်နဲ့ စစ်ရှောင်အရေးကူညီနေတဲ့ S&C အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"ပြာပုံကြီးပဲ ရှိတော့တယ်။ မနေ့ကထိကို ရှို့နေတုန်း။ ပြည်သူသေဆုံးတာတွေ ရှိတယ်။ မီးထဲပါတာတွေ၊ စစ်ကြောင်းဝင်လာလို့ ပစ်သတ်တာတွေရော၊ စစ်ကြောင်းပြန်မလှည့်သရွေ့တော့ အတိကျပြောလို့ မရသေးဘူး။ သူတို့ဘက်က ဗျူဟာမှူးကျသွားတော့ တအားကို အထိနာသွားပြီး ရမ်းသမ်းမီးတွေ ရှို့တော့တာပဲ။” လို့  ပြောပါတယ်။

သေဆုံးပြည်သူအရေအတွက်နဲ့ ပျက်စီးမှုအခြေနေကတော့ စစ်ကြောင်းရှိနေသေးတဲ့အတွက် ဝင်ကြည့်လို့မရသေးဘဲ ဖြစ်နေကာ၊ အနီးနားရွာတွေကနေ လှမ်းမြင်ရတဲ့အခြေနေအရ သေဆုံးတာတွေရှိတယ်လို့သာ အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ စစ်ရှောင်စခန်းတွေမှာ ပြည်သူ ၂၀၀၀ ကျော် ရောက်ရှိနေပြီး၊ ထပ်တိုးလာဖို့လည်း ရှိတဲ့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေမှာ ဘဏ္ဍာရေးပိုင်း အခက်ခဲကြုံနေရကာ အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

"ထမင်းတောင် စားစရာမရှိကြဘူးဗျာ။ စစ်ဘေးသင့်က ၂၀၀၀ နီးပါး ရှိတယ်။ ကြာတော့ တောင့်ခံနေရတာ မောနေပြီ။ လူ  ၂၀၀၀ နီးပါးကို ကျွေးတာ ၁၂ သိန်းကုန်တယ်။ ညမနက်ကို အသီးအရွက်နဲ့ ထမင်ချည်းပဲကို မောမောနဲ့ ပြေးလာကြတော့ စားလိုက်ကြတာ" လို့ ဆိုပါတယ်။

အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ ညောင်လှရွာဟာ တတိယမြောက်အကြိမ် မီးရှို့ခံရတာဖြစ်ပြီး၊ အခုတကြိမ် မီးလောင်ပျက်စီးမှုမှာတော့ ရွာလုံးကျွတ်ပြာကျခဲ့ပြီး၊ S&Cစစ်ဘေး၊ မီးဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြန်ဆောက်လုပ်ပေးထားတဲ့ အိမ် ၁၀ လုံးလည်း ပါသွားခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10