စစ်ဆေးရေးလုပ်နေတဲ့ PDFအဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းခံရ

စစ်ဆေးရေးလုပ်နေတဲ့ PDFအဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-အရာတော်-မုံရွာလမ်းပိုင်းပေါ် မင်းကုန်းကျေးရွာအနီးတံတားမှာ စစ်ဆေးရေးလုပ်နေတဲ့ PDF အဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းခံရတယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။

ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီခန့်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးကျော်က တံတားအနီးမှာ စစ်ဆေးရေးလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀ ဦးကျော်ပါ ကား ၁ စီး ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

" လာပစ်တဲ့ စကစအဖွဲ့က မင်းကုန်းရွာထဲမှာ ရှိနေတဲ့ အဖွဲ့တွေ။ စစ်ဆေးရေးလုပ်နေတဲ့ PDF တွေဘက်ကလည်း တစုတစည်းတည်းရှိမနေချိန်၊ စကစအဖွဲ့က လျှပ်တပြတ်လာပစ်တော့ ရဲဘော်နှစ်ယောက်က ဖမ်းခံလိုက်ရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကို ပစ်သတ်သွားတာ"လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦး က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီအဖွဲ့တွေဘက်က ဖမ်းဆီးပစ်သတ်သွားတဲ့ PDF ရဲဘော် ၂ ဦးဟာ အသက် ၂၅ မှ ၃၀ ကြားအရွယ်တွေဖြစ်ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF ရဲဘော်တွေကိုင်ဆောင်တဲ့ ပစ္စတိုသေနတ် ၁ လက်၊ မောင်းပြန်ရိုင်ဖယ် ၄ လက်၊ ကျည်အချို့နဲ့ ကျည်ဘောက်အချို့လည်း စစ်ကောင်စီတပ်တွေရဲ့ သိမ်းဆည်းတာခံလိုက်ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ရဲဘော် ၂ ဦးရဲ့အလောင်းတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေထွက်သွားပြီးနောက်ပိုင်းမှာ ပြန်လည်ကောက်ယူနိုင်ပြီး နာရေးကိစ္စကို ညနေပိုင်းမှာပဲ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - ပစ်ခတ်ခံရပြီးနောက် သိမ်းဆည်းခံလိုက်ရသည့် PDF တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ။ (စစ်ကောင်စီတယ်လီဂရမ်)။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရွှေဘို #PDF #ပစ်ခတ်ခံရ #၂ဦးသေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10