စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ရော်ဘာအစေးခြစ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံး

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ရော်ဘာအစေးခြစ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံး

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း ၁ ကျေးရွာက အမျိုးသား ၁ ဦး စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ မေ ၁၀ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

မေ ၆ ရက်မနက် ၅ နာရီခန့်မှာ ဇီးပြောင်း ၁ ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင်ဟာ ရွာထိပ်က ရော်ဘာခြံအတွင်း ရော်ဘာအစေးခြစ်နေစဥ် သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ဆိုပါတယ်။

"ဒီဘက်ဒေသမှာက ရော်ဘာအစေးခြစ်တာ မနက်အစောပိုင်းထခြစ်ရတယ်။ သူကလည်း ပုံမှန်အတိုင်းအလုပ်လုပ်နေချိန် စကစဘက်ကပစ်တဲ့လက်နက်ကြီးက သူ့နားကျပေါက်ကွဲတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် ဦးသန်းအောင်ရဲ့ ဘယ်ဖက်လက်ဖဝါးပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ၊ ဘယ်ဖက်ခြေသလုံးကြွက်သား၊ ခြေကျင်းဝတ် ပြတ်လုနီးပါး ဒဏ်ရာတွေရရှိခဲ့တာကြောင့် ဆေးကုသနေစဥ် မေ ၇ ရက်မနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်းက ကညကျေးရွာဘက်ကို KNUနဲ့ PDF တွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးတွေ နေ့တိုင်းနီးပါး ပစ်ခတ်နေသလို ဒရုန်းတွေနဲ့လည်း ဗုံးချတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီ ၂၈ ရက်ညကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်အစပ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒေသခံနေအိမ် ၆ လုံး ပျက်စီးခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မေ ၉ ရက်အထိ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၄၉၈၁ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်လျှောက်ရေးအသင်း - AAPP ကထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မွန် #ကျိုက်ထို #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10