စစ်မတိုက်ခင် သေမင်းနဲ့ စစ်ခင်းရတဲ့ ရဲဘော်တွေ (ဆောင်းပါး)

စစ်မတိုက်ခင် သေမင်းနဲ့ စစ်ခင်းရတဲ့ ရဲဘော်တွေ (ဆောင်းပါး)

ပခုက္ကူခရိုင်တပ်ရင်း ၆ မှ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဝင် ကိုငယ် အပါအဝင် ရဲဘော် ၁၀ ဦးဟာ ၂၀၂၃ သြဂုတ် ၁၅ ရက်မှာ တာဝေးပစ်လက်နက်ကြီးကျည်ဆန်တွေအတွက် ယမ်းတွေထည့်နေကြပါတယ်။ နေရာက မြိုင်မြို့နယ် တနေရာမှာပါ။

သူတို့လုပ်နေတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နဲ့ ဖက်စပ်လုပ်တဲ့ တာဝေးပစ် Rocket အလုံး ၃၀၀ ထုတ်လုပ်ရမယ့် စီမံကိန်းပါ။

NUG ကချထားပေးတဲ့ လက်နက် ၅ လက်သာရှိတဲ့ ကိုငယ်တို့ရဲ့ ပခုက္ကူခရိုင်တပ်ရင်း ၆ အတွက် ဒီစီမံကိန်းဟာ အရေးပါတဲ့ စီမံကိန်းပါ။ 

ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းကထွက်လာမယ့်ပစ္စည်းထဲက၂၅ ရာခိုင်နှုန်းကို သူတို့တပ်ရင်းကရမှာဖြစ်တဲ့အပြင် Rocket ထုတ်လုပ်ရေးပစ္စည်းတချို့ကိုလည်း စီမံကိန်းပြီးသွားရင် တပ်ရင်းက ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တာကြောင့်ပါ။ 

ဒါကြောင့်လည်း ရဲဘော်ကိုငယ်အပါအဝင် ထုတ်လုပ်ရေး ရဲဘော် ၁၀ ဦးဟာ ၂ ယောက် တနေရာစီခွဲပြီး Rocket ထုတ်လုပ်ရေးအတွက် ယမ်းကီလိုချိန်သူက ချိန်၊ လက်နက်ကြီးအဖူးထဲကို ယမ်းထည့်သူကထည့်နဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ 

ဒိုင်းနမိုက်အနံ့က ပြင်းတာကြောင့် ရဲဘော်တွေက လေအဝင်အထွက်ကောင်းတဲ့နေရာလေးတွေမှာ ခွဲနေကြပါတယ်။ ကိုငယ်နဲ့ ရဲဘော်တဦးကတော့ စတိုခန်းနဲ့ ၁၀ ပေ လောက်အကွာမှာ ရှိနေတာပါ။ တခြားရဲဘော် ၈ ဦးက စတိုခန်းထဲမှာပါ။ စတိုခန်းဟာ ၁၅ ပေ ပတ်လည် မှန်ပြတင်း တံခါးတွေ တပ်ဆင်ထားတဲ့ အုတ်တိုက်အိမ်လေးပါ။ 

ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို ဖုန်းတလုံးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်လေ့ရှိတဲ့ ကိုငယ်က လုပ်လက်စ Rocket အဖူးလေးပြီးရင် ကိုယ့်ရဲဘော်တွေကို မှတ်တမ်းတင်အုံးမယ်လို့တွေးနေချိန်မှာပဲ ‘ဝုန်း’ ဆိုတဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံတခု စတိုခန်းဘက်က ထွက်ပေါ်လာပါတယ်။

အဲဒီအချိန်မှာ ကိုငယ်သိလိုက်တာက သူမြေပြင်ပေါ် လဲကျသွားတယ်ဆိုတာပါပဲ။ သူ့နားထဲမှာ နောက်ဆက်တွဲ ပေါက်ကွဲသံတွေကိုသာ ဆက်တိုက်ကြားနေရပါတယ်။ 

ကိုငယ်အတွက် ပထမဦးဆုံးခေါင်းထဲရောက်လာတဲ့အတွေးက အဆောက်အဦထဲက ရဲဘော်တွေရဲ့ အခြေအနေပါ။

"ပါးစပ် မအော်နိုင်ဘူး။ ဘာတွေ ဖြစ်သွားပါလိမ့်၊ ဘယ်လိုတွေဖြစ်သွားပါလိမ့်လို့ပဲ တွေးနေတယ်" လို့ အဲဒီနေ့က အဖြစ်အပျက်ကို ကိုငယ်က ပြောပြပါတယ်။

သူရဲ့ ခန္ဓာကိုယ်တခုလုံးက ထုံနေပြီး ဘာနာကျင်မှုကိုမှ မခံစားရတာကြောင့် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ အဆောက်အဦပေါက်ကွဲပြီး လွင့်ထွက်လာတဲ့အုတ်တွေ သူ့ခန္ဓာကိုယ်ပေါ်မှာ ပိနေတာကိုတော့ သူသတိထားမိခဲ့တယ်။

ပေါက်ကွဲသံတွေ ငြိမ်သက်သွားချိန်မှာ စကားပြောဖို့ကြိုးစားခဲ့ပေမယ့် ပါးစပ်ကလုံးဝအသံထွက်မရ၊ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့ မျက်လုံးဟာ ဘာကိုမှ မမြင်ရတော့။

‘ငါ့မျက်လုံးတော့သွားပြီ’ ဆိုတဲ့အတွေးနဲ့ လေးဘက်ကုန်းထလိုက်တယ်။ အားပြုလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ ဘယ်ဘက်ဒူးခေါင်းက ပုဆိုးကို စုတ်ဖြဲလိုက်သလို တဗြစ်ဗြစ်မြည်သံတွေ ထွက်လာပါတယ်။ ဒူးခေါင်း ဒဏ်ရာရထားပြီလို့ ကိုငယ်နားလည်လိုက်ပြီး လက်နှစ်ဖက်ကို အားပြုလိုက်တဲ့အချိန်မှာလည်း လက်နှစ်ဖက် စလုံးကို မသယ်နိုင်တော့ပါဘူး။ 

မတတ်နိုင်တဲ့အဆုံး မြေပြင်ပေါ်ပြန်လှဲချချိန်မှာ ခေါင်းကနေစလို့ ခြေထောက်အထိ သူ့ခန္ဓာကိုယ်မှာ ပူနွေးနွေး သွေးတွေ စီးကျနေတယ်လို့ ကိုငယ်က ဆိုပါတယ်။

မကြာခင်မှာပဲ တပ်ရင်းက ရဲဘော်တွေရောက်လာပြီး သူတို့ကို ဆေးရုံပို့ လိုက်ကြပါတော့တယ်။ 

အဲဒီလက်နက်ထုတ်လုပ်ရေးလုပ်ငန်း ပေါက်ကွဲမှုမှာ ရဲဘော် ၆ ဦး ကျဆုံးခဲ့ပြီး ကိုငယ်အပါအဝင်ရဲဘော် ၄ ဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ အသက်ဘေးကနေ လွတ်ခဲ့ပါတယ်။ 

ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။
ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။

“ရဲဘော်တွေ ဒဏ်ရာပြင်းထန်မယ်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်အထိကျသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး” လို့ ကိုငယ်က ဆိုပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးအစမှာ အညာဒေသက တော်လှန်ရေးသမားတွေဟာ လက်လုပ်လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေးကို စခဲ့ကြတာဖြစ်လို့ လက်နက်ခဲယမ်းထုတ်လုပ်ရင်း အသက်ပေးလိုက်ရတဲ့ ရဲဘော်၊ ခန္ဓာကိုယ်တွေ စွန့်လွှတ်လိုက်ရပြီး ဒဏ်ရာရခဲ့ကြတဲ့ ရဲဘော်တွေများစွာရှိတယ်လို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာဆိုရင် လက်နက်ကြီးနဲ့ မိုင်းထုတ်လုပ်မှုတွေကြောင့် မတော်တဆဖြစ်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူဦးရေ ၄၀ ကျော်ရှိတယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့နယ်၊ ပကဖရဲ့ မှတ်တမ်းတင်ထားတဲ့စာရင်းတွေအရ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပြီး ကျဆုံးခဲ့တဲ့ရဲဘော် အရေအတွက်ဟာ ၁၈၀ ကျော်ရှိတာကြောင့် လက်နက်ထုတ်လုပ်ရင်း သေဆုံးတဲ့အရေအတွက်ဟာ တိုက်ပွဲကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ လေးပုံ တပုံ နီးပါးရှိတယ်လို့ ဆိုပါတယ်။ 

လက်နက်၊ ခဲယမ်းထုတ်လုပ်ရင်း ရဲဘော်တွေကျဆုံးခဲ့ရင် တပ်ရင်း၊ တပ်ဖွဲ့ အများစုဟာ သတင်းထုတ်ပြန်လေ့ မရှိဘူးလို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။
ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။

"အဓိကကတော့ **(စကစ)တွေ ဝမ်းသာမှာစိုးတာရယ်၊ ပြည်သူတွေ စိတ်ဓာတ်ကျမှာစိုးတာရယ်ကြောင့် မထုတ်ပြန်တာပါ" လို့ မကွေးတိုင်းအတွင်းက တိုက်နယ်ပကဖအဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။ 

ဒါကြောင့် လက်နက်ခဲယမ်းထုတ်လုပ်ရင်း ကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ ဒဏ်ရာရရဲဘော်တွေရဲ့ သတင်းဟာ မီဒီယာတွေမှာ ဖော်ပြခဲ့တာမျိုး မရှိတာကြောင့် ဒီရဲဘော်တွေဟာ လူမသိ၊ သူမသိ ကျဆုံး၊ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။  

ပခုက္ကူခရိုင်တပ်ရင်း ၆ မှ လက်နက်၊ ခဲယမ်းထုတ်လုပ်ရေးအဖွဲ့ဝင် ကိုငယ်ဆိုရင် ထုတ်လုပ်ရေးစခန်း ပေါက်ကွဲမှုကြောင့် သူရဲ့ ဒူးခေါင်းတဖက်ဟာ ဂုံးညင်းအထိ ဖယ်ထုတ်လိုက်ရတာကြောင့် ဒူးခေါင်း မရှိတော့ဘဲ ခြေထောက်အကွေးအဆန့် လုပ်လို့ မရတော့ပါဘူး။ ဒါ့အပြင် လက်နှစ်ဖက်မှာလည်း တထောင့်ကွေးတွေအောက်မှာ အပေါက်တွေ ဖြစ်သွားတာကြောင့် ပြန်ချုပ်ထားရပါတယ်။

မျက်နှာပြင်တခုလုံးကို မှန်ကွဲစတွေ စိုက်ထားလို့ နှာခေါင်းနဲ့ ပါးစပ်အထိ ကွဲသွားတဲ့နေရာကို ချုပ်ထားရပါတယ်။ အသေးစားခွဲစိတ်ပေးမယ့်နိုင်မယ့် ဆေးရုံ၊ ဆေးခန်းတွေနဲ့ လက်လှမ်း မမိတာကြောင့် မျက်ခုံးနှစ်ဖက်နဲ့ မျက်လုံးတွေဘေးက မှန်ကွဲစတွေကတော့ ဒီနေ့အထိ မထုတ်ရသေးပါဘူးလို့ ကိုငယ်က ရှင်းပြပါတယ်။

ကံကောင်းတာတခုက ကိုငယ်မျက်လုံးတွေဟာ တခါတရံမှန်ကွဲစတွေကြောင့် နာကျင်ရပေမယ့် အမြင်အာရုံ မဆုံးရှုံးလိုက်ရပါဘူး။

အဲဒီပေါက်ကွဲမှုမှာ ပခုက္ကူခရိုင် တပ်ရင်း ၆ က အသက်(၂၄)နှစ်အရွယ် ရဲဘော်ခင်မောင်စိုး(ခ)တိုက်ဂါး၊ အသက် ၂၄ နှစ် ရဲဘော်ကျော်ဇင်ဖြိုး(ခ) ကျော်ဇင်၊ အသက် ၂၂ နှစ် ရဲဘော်ဆန်းကိုကို (ခ) သတ္တိ၊ အသက် ၂၅ နှစ် ရဲဘော်မင်းထိုက်(ခ)ငှက်လေးနဲ့ တခြားမိတ်ဖက်တပ်ရင်းတခုမှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။

"စတိုခန်းနဲ့ ထုတ်လုပ်ရေးစခန်းကို ခွဲမထားမိတဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံအားနည်းချက်လည်း ပါတာပေါ့" လို့ ကိုငယ်က ပြောပါတယ်။

ဒီဖြစ်စဥ်ဟာ ဒိုင်းနမိုက်ယမ်းတွေက ရာသီဥတုအပြောင်းအလဲနဲ့ စိုစွတ်မှုတွေကြောင့် ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၆ က ပြန်ကြားရေးတာဝန်ခံဗိုလ်ဒေါင်းမင်းက သုံးသပ်ပါတယ်။ 

ပခုက္ကူခရိုင်တပ်ရင်း ၆ ဟာ ၂၀၂၁ မှာကတည်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ စက်တင်ဘာလမှာ တပ်ရင်းအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

တပ်ရင်းအဖြစ်ဖွဲ့စည်းပြီးနောက်ပိုင်းမှာ တိုက်ပွဲပေါင်း ၃၈ ပွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ လောက် ရှင်းလင်းနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီလက်က လက်နက် ၆ လက်၊ ရိက္ခာပို့ ၁၂ ဘီးကား ၂ စီးကို သိမ်းယူနိုင်ခဲ့ပြီး ရိက္ခာပို့ ကား၂ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ လက်နက်ထုတ်လုပ်ရေးလုပ်ငန်း ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ သူတို့တပ်ရင်းက ရဲဘော် ၄ ဦး ကလွဲလို့ တိုက်ပွဲအတွင်း ကျဆုံးတဲ့ ရဲဘော် မရှိသေးဘူးလို့ ဆိုပါတယ်။ 

ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။
ပခုက္ကူခရိုင်တပ်ရင်း ၆ က ကျဆုံးသွားသည့် လက်နက်ခဲယမ်းထုတ်လုပ်ရေး ရဲဘော်များ၏ဈာပန။

လက်နက်ခဲယမ်းထောက်ပံ့မှု လုံလုံလောက်လောက်မရနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ ဘယ်လိုပဲ ထိခိုက်သေဆုံးမှုတွေရှိပါစေ အခုလို လက်နက်ခဲယမ်းထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်ပစ်လိုက်လို့ မရပါဘူးလို့ ဗိုလ်ဒေါင်းမင်းက ပြောပါတယ်။ 

အခုလို ကိုယ်တိုင်ထုတ်လုပ်မှုတွေကနေ ထွက်လာတဲ့ တူမီးသေနတ်၊ လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်ဆန်တွေနဲ့ပဲ နယ်မြေစိုးမိုမှုယူထားပြီး စစ်ကောင်စီတပ်ကို အတိုင်းအတာတခုထိ ခြိမ်းခြောက်ထားတာလို့ သူက ဆိုပါတယ်။ 

"ပုံစံမျိုးစုံနဲ့ မတော်တဆမှုတွေဖြစ်နေတဲ့ အနေအထားမှာ ထုတ်လုပ်ရေး ရဲဘော်တွေရဲ့အသက်က မတရားကို စွန့်စားပြီး အလုပ်လုပ်နေရတဲ့အနေအထားပါ" လို့ ဗိုလ်ဒေါင်းမင်းက ပြောပါတယ်။

အခုလို လက်နက်ခဲယမ်းထုတ်လုပ်တပ်ဆင်ရင်း ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုဟာ စစ်ကိုင်းတိုင်းထဲက အမရစစ်သည်တော်တပ်ဖွဲ့မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလ ၈ ရက်မှာ မန္တလေးမြို့အတွင်းဝင်ရောက်တဲ့ မြစ်ငယ်တိုးဂိတ်မှာ အထိုင်ချ ငွေတောင်းနေတဲ့ စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေကို မိုင်းခွဲတိုက်ခိုက်ဖို့ မိုင်းဆင်ရင်းနဲ့ ဖြစ်ပွားခဲ့တာပါ။  

တပ်ဖွဲ့ဝင် ၆ ဦးဟာ အဝေးထိန်းမိုင်းအတူတူတပ်ဆင်နေတဲ့အချိန်မှာ ရုတ်တရက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မိုင်းတပ်ဆင်နေသူဟာ ခြေ၊ လက် ၂ ဖက်စလုံးပြတ်ထွက်သွားခဲ့သလို အနားမှာရှိနေတဲ့ ရဲဘော်တဦးလည်း ခြေလက်တွေ အပိုင်းပိုင်းပြတ်ကာ သေဆုံးခဲ့ရတယ်လို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ အမရစစ်သည်တော်တပ်ဖွဲ့မှ ကိုကျော်က ပြောပါတယ်။ 

"မြင်လိုက်ရတဲ့အချိန် ရင်ထဲမှာ နင့်နေအောင်ခံစားရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်မျက်နှာ တခုလုံးကလည်း စုတ်ပြတ်ပြီး သွေးတွေယိုနေပြီ" လို့ သူက ဆိုပါတယ်။ 

ကိုကျော်ဟာ အဲဒီဒဏ်ရာတွေကို ကာလအတန်ကြာ ဆေးကုသခဲ့ရလို မျက်နှာမှာ အခုအချိန်အထိ မိုင်းစတွေ မထုတ်ရသေးဘူးလို့ ဆိုပါတယ်။ 

အဲဒီပေါက်ကွဲမှုမှာ အသက် ၂၂ အရွယ် သူ့ရဲ့ ညီတယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်းမှာလည်း အသက် ၁၉ နှစ်အရွယ် သူ့ရဲ့ ညီအငယ်ဆုံးဟာ မန္တလေးမြို့တွင်းက မစ်ရှင်တခု သွားရောက်စဉ်မှာ ဆိုင်ကယ်ထဲထည့်ထားတဲ့ မိုင်းက ပေါက်ကွဲခဲ့လို့ ထပ်မံကျဆုံးခဲ့ရတယ်လို့ ကိုကျော်က ပြောပြပါတယ်။ 

ဒီလိုဆုံးရှုံးမှုတွေဖြစ်ခဲ့ပေမယ့် ကိုကျော်ဟာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေပြီး အခုဆို ရင် အမရစစ်သည်တော်အဖွဲ့မှာ မိုင်း၊ လက်နက်ငယ်ကစလို့ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ လက်နက်ကြီးပစ်ကျည်ဆန်တွေအထိ ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။

"စမ်းသပ် လုပ်ရင်း လုပ်ရင်းနဲ့ အထိခိုက်နည်းသွားပြီ။ ရဲဘော် ၂ ဦးကျဆုံးခဲ့တဲ့ဖြစ်စဥ်က အကြီးမားဆုံး မတော်တဆမှုပဲ" လို့ ကိုကျော်က ရှင်းပြပါတယ်။ 

အမရစစ်သည်တော်အဖွဲ့ဟာ အခုအချိန်မှာ စစ်ကိုင်းတိုင်းကိုအခြေချပြီး ကိုကျော်က ထုတ်လုပ်ရေးတာဝန်ခံအဖြစ် လက်နက်တွေဆက်လက်ထုတ်လုပ်နေပါတယ်။

ဒါ့အပြင် ထုတ်လုပ်ရမယ့်လုပ်ငန်းစဥ်အလိုက်ကို သေချာနားလည်နေပြီး ပေါက်ကွဲမှုတွေ မဖြစ်အောင် ပစ္စည်းတွေကို တနေရာစီခွဲကာ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

အမရစစ်သည်တော်အဖွဲ့တာဝန်ခံ ကိုမိုးလွင်ကတော့ လက်နက်ထုတ်လုပ်ခြင်းက တော်လှန်ရေးအတွက် အရေးပါပြီး လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် ထုတ်လုပ်မှုတွေကိုရပ်လိုက်လို့ မရဘူးလို့ဆိုပါတယ်။

"တော်လှန်ရေးစခဲ့တာ မိုင်းတွေကစခဲ့တာပဲ။ ကျနော်တို့ဟာ ဂန်း(သေနတ်)တွေဆို မြင်တောင်မမြင်ဖူးဘူး။ အခုချိန်အထိ ဂန်း(သေနတ်)အစစ်မရှိတဲ့နေရာတွေ အများကြီးပဲလေ။ လက်နက်လိုအပ်ချက်က ရှိနေတုန်းပဲ" လို့ ကိုမိုးလွင်က ပြောပါတယ်။

မကွေးတိုင်းအတွင်းက တိုက်နယ်ပကအဖွဲ့ဝင်တဦးကလည်း လက်နက်ကိုင်တော်လှန်ရေးအစပိုင်းတွေမှာ လက်လုပ်လက်နက်ခဲယမ်းတွေကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်လို့ မတော်တဆမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခုနောက်ပိုင်းမှာတော့ လက်နက်ကြီးထုတ်လုပ်ရေးကိုတော့ တပ်ရင်း၊ တပ်ဖွဲ့တိုင်းက မလုပ်တော့ဘူးလို့ သူက ဆိုပါတယ်။ 

“ရန်ပုံငွေလိုအပ်ချက်ရော၊ မောင်းပြန်တွေရော ကိုင်လာနိုင်ကြတာကြောင့်ပါတယ်။ အရင်က ဆယ်ဖွဲ့လုပ်ရင် အခုသုံးဖွဲ့လောက်ပဲလုပ်တော့တယ်" လို့ မကွေးတိုင်း၊ တိုက်နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပခုက္ကူခရိုင်တပ်ရင်း ၆ ကိုယ်တိုင်ကလည်း လက်ရှိမှာ လက်နက်ကြီးတွေကို မထုတ်လုပ်တော့ဘဲ တပ်ရင်းအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းကို တပိုင်တနိုင်သာ ထုတ်လုပ်တော့တယ်လို့ ဗိုလ်ဒေါင်းမင်းက ပြောပါတယ်။ 

ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကို သင်ခန်းစာယူရင်း အခုအခါမှာတော့ လက်နက်ခဲယမ်းထုတ်လုပ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့် (Standard Operating Procedure/SOP)ကို သေချာချမှတ်ပြီး ထုတ်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ 

"ဘာပြီးရင်ဘာလုပ်မယ်ဆိုတာ တိတိကျကျထုတ်လို့ ရပြီ။ စမ်းပြီးထုတ်တယ်ဆိုတာမျိုးက တော်တော်လေး နည်းနေပါပြီ။ SOP ချမယ်ဆို ချလို့ရနေပါပြီ" လို့ သူက ရှင်းပြပါတယ်။ 

လက်နက်ခဲယမ်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာချမှတ်ထားပြီး လုပ်ကိုင်နေပေမယ့် ဒီလိုမတော်တဆမှုတွေဟာ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ဒီနေ့အချိန်အထိဆက်တိုက်ဖြစ်နေဆဲပဲလို့ ပခုက္ကူခရိုင် တပ်ရင်း ၆ က ပြန်ကြားရေးတာဝန်ခံဗိုလ်ဒေါင်းမင်းက ပြောပါတယ်။

တာဝေးပစ်လက်နက်ကြီး ကျည်ဆန်တွေ ထုတ်လုပ်ရင်း ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာတွေရထားတဲ့ ပခုက္ကူခရိုင် တပ်ရင်း ၆ က လက်နက်၊ ခဲယမ်းထုတ်လုပ်ရေးအဖွဲ့ဝင် ကိုငယ် ကတော့ ချိုင်းထောက်တဖက်နဲ့ လက်နက် ထုတ်လုပ်ရေးတွေကို  ဆက်လက်လုပ်ဆောင်နေဆဲပါ။ 

ထုတ်လုပ်ရေးစခန်းကိုသွားတဲ့အခါ ကိုယ်တိုင်က ဆိုင်ကယ်မစီးနိုင်တဲ့အတွက် ဆိုင်ကယ်ဘီးတွေ၊ အင်ဂျင်တွေ အသုံးပြုပြီး သူစီးနိုင်မယ့် ကားပုံစံယာဉ်ငယ်တစီးကို ကိုငယ်က တီထွင်ထားပါတယ်။

သူကိုယ်တိုင်တီထွင်ထားတဲ့ ကားငယ်ကို စီးပြီး ပခုက္ကူခရိုင် တပ်ရင်း ၆ အတွက် လိုအပ်နေတဲ့ လက်နက် ခဲယမ်းတွေကို ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ပွဲ #လက်နက်ခဲယမ်း #ထုတ်လုပ်ရေး #ပေါက်ကွဲမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10