စစ်မှုထမ်းရမယ့်စာရင်းတွေ ပို့ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေး အသတ်ခံရ

စစ်မှုထမ်းရမယ့်စာရင်းတွေ ပို့ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေး အသတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေ‌နံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အသတ်ခံရသူတွေမှာ အသက် ၄၅ နှစ်အရွယ် အုတ်ရှစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနိုင် နဲ့  အသက် ၄၀ နှစ် အရွယ် ထွေအုပ်စာရေး ဦးစန်းနိုင်တို့ဖြစ်ပြီး ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို စစ်မှုထမ်းမယ့်စာရင်းတွေ သွားရောက်ပို့ဆောင်ပြီးအပြန် မတ် ၂၀ ရက် မနေ့ညနေ ၄ နာရီခွဲ လောက်မှာ ရေနံချောင်းမြို့နဲ့ အုတ်ရှစ်ကုန်းကျေးရွာအကြားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ သူတို့စီးလာတဲ့ ဆိုင်ကယ်တားပြီး စစ်ဆေးမေးမြန်းတဲ့အခါ စာရွက်စာတမ်းတွေ၊ မဖြစ်မနေစစ်မှုထမ်းရမဲ့ ဆင့်ခေါ်စာတွေ၊ စမတ်ကဒ်(Smart Card)တွေနဲ့ လက်ပူးလက်ရမိပြီး သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။ 

အသတ်ခံရသူ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးဟာ ပြည်သူတွေကို စစ်မှုမထမ်းမနေရဥပဒေနဲ့ခြိမ်းခြောက်ပြီး စစ်မှုမထမ်းလိုသူတွေကို တအိမ် ၅ သောင်းနှုန်းတောင်းခံငွေညှစ်တာတွေ လုပ်ဆောင်နေလို့ တယ်လီဖုန်းနဲ့အကြိမ်ကြိမ်သတိပေးပြောဆိုပေမယ့် လိုက်နာမှုမရှိလို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မတ် ၁၈ ရက်ညပိုင်းကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်က စစ်မှုထမ်းဖို့လှုံ့ဆော်စည်းရုံးနေတဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး ၁ ဦးကို စလင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရေနံချောင်း #ထွေအုပ်စာရေး #အုပ်ချုပ်ရေးမှူး #အသတ်ခံရ #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10