စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ပြီး PDF ထဲဝင်လာသူတွေကို ပထမဆုံးအကြိမ်သင်တန်းပေး

စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ပြီး PDF ထဲဝင်လာသူတွေကို ပထမဆုံးအကြိမ်သင်တန်းပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင် အမှတ် ၃ တပ်ရင်းဖြစ်တဲ့ Sagaing People Defence Force Battalion 3 မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ပြီး တပ်ဖွဲ့ထဲဝင်လာတဲ့ လူငယ်တွေကို စစ်သင်တန်းပေးခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

ပထမဆုံးအကြိမ်အဖြစ် မတ်လတတိယပတ်ကနေ မေလတတိယပတ်အထိ ရက်ပေါင်း ၆၀ ခန့် အခြေခံပညာစစ်သင်တန်းပေးခဲ့ပြီး မေ ၁၅ ရက်မှာ သင်တန်းဆင်းပွဲလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်မှာ စစ်မှုမထမ်းချင်လို့ ရောက်လာတဲ့လူငယ်တွေပါ။ အဲ့ဒီရဲဘော်တွေကို ပထမဆုံး သင်တန်း စပေးခဲ့တာပါ။ မိန်းကလေးတွေလည်း ပါတယ်" လို့ ခရိုင်တပ်ရင်း ၃ တပ်ရေးအရာရှိ ရဲဘော် ဆိုဒီယံ ကပြောပါတယ်။

သင်တန်းမှာ ရဲဘော် ၄၆ ဦးနဲ့ ရဲမေ ၄ ဦး စုစုပေါင်း ၅၀ ဦးပါဝင်ပြီး သင်တန်းပြီးတဲ့အထိ အားလုံးတက်ရောက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အဆိုပါရဲဘော်တွေအပါအဝင် စစ်ကိုင်းခရိုင်တပ်ရင်း ၃ ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီယန္တရား ပြုတ်ကျပျက်စီးတဲ့အထိ ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့လည်း တပ်ရေးအရာရှိက ပြောပါတယ်။

သင်တန်းဆင်းအခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုတာ၊ ကျမ်းသစ္စာကျိန်ဆိုတာ၊ တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်တွေက အမှာစကားပြောကြားခဲ့ပြီး ထူးချွန်သင်တန်းသားတွေကိုလည်း ဆုပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မေ ၁၅ ရက်က သင်တန်းဆင်းပွဲပြုလုပ်နေကြစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အခြေခံပညာစစ်သင်တန်း #PDF #စစ်မှုထမ်းဥပဒေ #ဆန့်ကျင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10