စစ်ရေးတင်းမာနေလို့ PRA-Magwayရဲ့ ၃ နှစ်ပြည့်အခမ်းအနား မပြုလုပ်နိုင်

စစ်ရေးတင်းမာနေလို့ PRA-Magwayရဲ့ ၃ နှစ်ပြည့်အခမ်းအနား မပြုလုပ်နိုင်

မကွေးတိုင်းအခြေစိုက် PRA-Magway ရဲ့တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို စစ်ရေးတင်းမာနေတဲ့အတွက် အခုနှစ်မှာမလုပ်နိုင်ခဲ့ဘူးလို့ PRA-Magwayရဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

မကွေးတိုင်းအနောက်ပိုင်းက စစ်ကောင်စီရဲ့ဗျုဟာမြောက်တပ်စခန်းတွေနဲ့ ကပစတွေကိုဦးတည်တိုက်ခိုက်နေတဲ့ PRA-Magway တပ်ဟာ ၂၀၂၁ မတ် ၂၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ဟာ ၃ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ပြီးခဲ့နှစ်က ၂ နှစ်ပြည့်အခမ်းအနားကို ခမ်းခမ်းနားနာကျင််းပခဲ့ပေမယ့် ၃ နှစ်ပြည့်တဲ့ အခုနှစ်မှာတော့ စစ်ရေးပူနေတာအပြင် တပ်ဖွဲ့ဝင်တွေလည်း ရှေ့တန်းမှာရှိနေတာကြောင့် မလုပ်ဖြစ်ခဲ့တာလို့ စစ်ရေးတာဝန်ခံက ဆိုပါတယ်။

"ကျနော်တို့ ၃ နှစ်အတွင်းမှာ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေလုပ်ဖို့ဆိုပြီးတော့ စဖွဲ့တဲ့အဖွဲ့ကနေ စနစ်တကျစုဖွဲ့ထားတဲ့ တပ်ဖွဲ့အထိကို ပုံစံပြောင်းလဲပစ်ခဲ့တယ်။ စစ်ဆင်ရေးတော်တော်များများ လုပ်နိုင်ခဲ့တယ်။ အဓိကတော့ ကျနော်တို့လုပ်ခဲ့တာက မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခြင်းခေါင်းစဉ်နဲ့ ကပစတွေကို တိုက်ခိုက်တာတွေရှိတယ်" လို့ ဆိုပါတယ်။

၃ နှစ်အတွင်းမှာ စစ်ကောင်စီဘက်က အင်အားရာချီသေဆုံးခဲ့သလို PRA-Magway တပ်ဖွဲ့ဝင်အချို့လည်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

"မြို့ပြပြောက်ကျားလုပ်ရင်းနဲ့ ဒဏ်ရာရတဲ့အပြင် ဖမ်းဆီးခံရတဲ့ရဲဘော်တွေလည်း ရှိခဲ့တယ်။ သင်တန်းတက်နေရင်းနဲ့ ကျန်းမာရေးအခြေအနေကြောင့် ကျဆုံးခဲ့ရတဲ့ရဲဘော်တွေလည်းရှိတယ်။ တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရ ရဲဘော်တွေလည်း အနာယူရတာရှိတယ်" လို့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

တပ်ဖွဲ့တည်ထောင်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကပစတွေကို တိုက်ခိုက်ရတဲ့စစ်ဆင်ရေးတွေ မဟာဗျူဟာမြောက်ချေမှုန်းရေးဆိုတဲ့ စစ်ဆင်ရေးတွေထဲက ကပစ ၁၄ ကိုဝင်တိုက်ခဲ့တဲ့ပွဲကို အားရဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကပစ ၂၀ ကိုလည်း လက်လုပ် Rocket တွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာအပါအဝင် စစ်ကောင်စီရဲ့ ကပစစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းနိုင်ရင် ရန်သူရဲ့ထောက်ပို့ယန္တရားကိုဖျက်ဆီးနိုင်ပြီလို့ ယုံကြည်ထားကြောင်း ဆက်ပြောပါတယ်။

"ကျနော်တို့ PRA-Magway ၃ နှစ်အတွင်းမှာ အခက်အခဲတွေ အမျိုးမျိုးရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့လိုချင်တဲ့ အဆင့်ထိတော့ မရောက်သေးဘူး ဒါပေမဲ့ အထိုက်အလျောက်တော့ ရောက်နေပြီ။ ဆက်ပြီးတော့ PRA-Magway က ရပ်တည်ချက်တွေ မှုဝါဒတွေကိုင်ဆွဲပြီးတော့ ကျနော်တို့ယုံကြည်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်သွားကြအုံးမယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမှာ" လို့ ဆိုပါတယ်။

ပုံစာ - PRA-Magway ၏ ၂ နှစ်ပြည့်အခမ်းအနား ယမန်နှစ်က ပြုလုပ်ခဲ့စဉ်။

စာတည်း - ဇို

#မြေလတ်အသံ

#မကွေး #PRAMagway #၃နှစ်ပြည့် #အခမ်းအနား #စစ်ရေးတင်းမာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10