စစ်ရေးအရှိန်မြှင့်မယ့်သတင်းကြောင့် ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

စစ်ရေးအရှိန်မြှင့်မယ့်သတင်းကြောင့် ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ်(၂) စစ်ဒေသခွဲက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်တာတွေ၊ မြို့ပေါ်ကင်းလှည့်တာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာကြတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း ဒေသခံတွေက ပြောပါတယ်။

 

အခုလိုပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်လာတာဟာ တောင်ပိုင်းတိုင်းစစ်ဒေသအမှတ် ၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်၊ ပဲခူးတိုင်းအရှေ့ခြမ်း စစ်ရေးအရှိန်မြှင့်လာမှု၊ PDF စိုးမိုးနယ်မြေတွေများလာမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကျေးရွာအချို့ကို ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေတွေနဲ့ သက်ဆိုင်တယ်လို့ သာယာဝတီခရိုင်ပကဖမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

 

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့၊ နတ်သံကွင်းမြို့၊ ညောင်လေးပင်မြို့၊ ကညွတ်ကွင်းမြို့၊ မုန်းမြို့နဲ့ ဖြူးမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေရှိနေတဲ့အချိန် စစ်ရေးမြှင့်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာပြီးနောက်ပိုင်းမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း အခုလို စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်လာတာပါ။ 

 

တောင်ပိုင်းတိုင်း၊ အမှတ်(၂) စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်မှာတော့ တန်ပြန်ထိုးစစ်ပြုလုပ်မှာဖြစ်လို့ ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေမှာ ပြည်သူတွေအနေနဲ့ ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအတွင်း ခရီးမသွားလာကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။ 

 

နေ့ခင်းဘက်သွားလာနေချိန် ကာကွယ်ရေးအဖွဲ့တွေက လိုအပ်လို့ စစ်ဆေးမှုလုပ်လာချိန်မှာ ကြည်ဖြူစွာ အစစ်ဆေးခံပေးဖို့နဲ့ ယာဥ်တွေကို မှန်ချသွားလာပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်လမ်းက သာယာဝတီမီးနင်းချောင်း စစ်ဆေးရေးဂိတ်မှာတော့ ဇွန်လ နောက်ဆုံးပတ်ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး X Ray စက်မှ ဖြတ်ခိုင်းတာ၊ မော်တော်ယာဉ်တွေကို စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက်ရှာဖွေတာတွေ ပြုလုပ်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 

အလားတူ Max Myanmarတိုးဂိတ်က ဝန်ထမ်းတွေကိုခေါ်ယူပြီး သုံးဆယ်မြို့လယ် ရုပ်ရှင်ရုံရှေ့တွင် ထိုင်ခုံစားပွဲတွေချကာ ရန်ကုန် - ပြည်လမ်းပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေအကုန်လုံးကို စာရင်းမှတ်ခိုင်းတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။ 

 

အခုလို လုံခြုံရေးတွေ တင်းကျပ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ သာယာဝတီမြို့ခံတဦးက “(စစ်ကောင်စီက) တော်တော် ထိတ်လန့်နေပုံရတယ်" လို့ မှတ်ချက်ပြုပါတယ်။ 

 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်-ပြည်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေနဲ့ ခရီးသည်တွေကို လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်သလို ပဲခူးတိုင်းအနောက်ခြမ်းက မြို့ပေါ်တွေမှာလည်း လုံခြုံရေး တင်းကျပ်တာတွေ၊ နေ့ခင်းပိုင်း ကင်းလှည့်သွားလာတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

 

နတ်တလင်း၊ ပေါင်းတည်၊ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆင်းလာတော့မယ်ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့နေတာကြောင့်လည်း မြို့ပေါ်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေက နေ့ဘက်တွေမှာပါ ကင်းလှည့်တာတွေပြုလုပ်လာကြတယ်လို့ဒေသခံတွေက ပြောပါတယ်။ 

 

လက်ပံတန်းမြို့ပေါ်က လမ်းမတွေမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ဆောင်ပြီး အရပ်ဝတ်တွေနဲ့ သွားလာနေကြသလို ရဲတပ်ဖွဲ့ဝင်တွေလည်း ညရော၊ နေ့ပါ ကင်းလှည့်တာတွေလုပ်နေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

 

အလားတူ ဇူလိုင်လဆန်းကစလို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ အပြင်မထွက်ကြဖို့ စစ်အုပ်စုက စာထုတ်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပါ်နေသလို ည မထွက်ရအမိန့်ထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်းကြားနေရတယ်လို့ နတ်တလင်းမြို့ခံတဦးဆိုပါတယ်။

 

ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖိုမြို့၊ နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို အာဏာသိမ်းစစ်ကောင်စီက အခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်ကစပြီး စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ 

 

“စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးကတည်းက မြို့ပေါ်တွေမှာ ကောလာဟလတွေ မျိုးစုံထွက်နေတယ်” လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။ 

 

ဇွန်လ ၃၀ ရက် လစာထုတ်မယ့်နေမှာ ပဲခူးတိုင်းအစိုးရရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်မယ် ဆိုတဲ့ကောလာဟလတွေထွက်ခဲ့လို့ ပဲခူးအစိုးရရုံးထဲမှာရှိနေတဲ့ ဝန်ထမ်းအားလုံးကို လစာမထုတ်ပေးဘဲ နေအိမ်သို့ ပြန်ခိုင်းပြီး လုံခြုံရေးချထားတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

 

အခုလို ပဲခူးတိုင်းအနောက်ခြမ်းက မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးတွေ တင်းကျပ်စွာချထားပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့စစ်ကြောင်းတွေကို တိုက်ခိုက်တာ၊  မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ စတဲ့မစ်ရှင်တွေကို  ဇူလိုင်လ ပထမအပတ်ထဲမှာ နေ့စဉ်လိုလို ပြုလုပ်နေကြတာတွေ့ရပါတယ်။ 

 

တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်အပြီးမှာပဲ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အနောက်ဘက်ရှိ ဇီးဖြူကုန်းရဲစခန်းနဲ့ စစ်ကောင်စီကတပ်ဖွဲ့ဝင်တွေက ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဇူလိုင် ၁ ရက် ညပိုင်းအချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပျူစောထီး ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

 

အဲ့ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းရွာအနီး၊ အောင်မင်္ဂလာရွာက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

 

ဖမ်းဆီးခံရသူဟာ အနည်းဆုံး ၁၅ ဦးခန့်ပေရှိမယ့် တိတိကျကျသိရတဲ့စာရင်းဟာ ၈ ဦးပဲရှိတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ 

 

"ထုံးစံအတိုင်း PDF အဆက်အသွယ်ရှိတယ်ဆိုပြီး သူတို့လုပ်နေကျအတိုင်း လုပ်တာပေါ့။ မိသားစုလည်း မတွေ့ရသလို ဘယ်ကိုဖမ်းသွားမှန်းလည်း မသိရဘူး” လို့ လက်ပံတန်းမြို့ခံတဦးက ဆိုပါတယ်။

 

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာလည်း ဇူလိုင် ၂ ရက်က စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF သတင်းထောက်လှမ်းရေးတာဝန်ခံက ဆိုပါတယ်။ 

 

“ရှေ့ပွိုင့် စစ်သား ၅ ဦးက မိုင်းကွင်းထဲရောက်လာတာကို ဆွဲလိုက်တာ။ ၃ ဦးကတော့ ပက်လက်လန်နေတာ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ"လို့ သူက ရှင်းပြပါတယ်။ 

 

အဲ့ဒီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာက ထွက်လာတဲ့စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာက ထွက်လာတဲ့ စစ်ကြောင်းတို့ ပူးပေါင်းထားတဲ့ အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကြောင်း တခုဖြစ်ပါတယ်။ 

 

အလားတူ ဇူလိုင် ၃ ရက်မှာလည်း ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တနေ့တည်းမှာတင် ၃ ကြိမ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က ဇူလိုင် ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ သစ်ပုတ်ရွာအနီး မိုင်တဲတာဝါတိုင်ကို စောင့်နေတဲ့ စစ်ကောင်စီအဖွဲ့တို့  ၂ ဖွဲ့ပေါင်းထားတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

အဲ့ဒီနေ့ မနက်က ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားအဖွဲ့က "တတိုင်းလုံးညီ တပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ ပွဲ" စာတန်းချိတ်ဆွဲခဲ့သလို အဲဒီအနီးမှာပဲ မိုင်း ၂ လုံးဖောက်ခွဲခဲ့ပါသေးတယ်။

 

ပဲခူးတိုင်းအနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဇွန်နောက်ဆုံးပတ်နဲ့ ဇူလိုင်ပထမပတ်ထဲမှာ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းတာကိုလည်း ဆက်တိုက်ဆိုသလို လုပ်ခဲ့ပါသေးတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ အသည်းကို အရက်နဲ့မြည်းမယ်လို့ ကြွေးကြော်ထားတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးလှမြင့်အပါအဝင် ဇရစ်မြောင်ကျေးရွာက ရာအိမ်မှူး ဦးမြင့်ဌေးတို့ ၂ ဦးကို ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းပစ်ခတ်ခဲ့ပါတယ်။ 

 

သူတို့ ၂ ဦးဟာ မင်းလှမြို့မှ လစာထုတ်ပြီး ဆိုင်ကယ်တစီးနဲ့ အတူပြန်လာစဉ် ရန်ကုန်-ပြည်လမ်းပေါ်မှာ PDF တွေက ကျည် ၆ ချက်နဲ့ ပစ်သတ်ခဲ့တာပါ။ 

 

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအစပ်၊ ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနဲ့ လွှစင်ရွာက ရာအိမ်မှူး ကိုပေါက်စ (ခ) ကိုဝင်းဇော်တို့ ၂ ဦးဟာလည်း ဇူလိုင်င် ၁ ရက်မှာ အသတ်ခံလိုက်ရပါသေးတယ်။ 

 

ဒါပေမဲ့ သူတို့  ၂ ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သွားလဲ ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့ပါဘူး။ 

 

ပဲခူးတိုင်းမှာ စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာပြီးနောက်ပိုင်း စစ်ကောင်စီက ပဲခူးတိုင်း အနောက်ခြမ်းမှာပါ လုံခြုံရေးတွေတင်းကျပ်စွာချထားပြီး စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတဲ့ အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ပေါင်းတည်မြို့ခံတဦးက အခုလို မှတ်ချက်ပေးပါတယ်။ 

 

“ဒီကောင်(စစ်ကောင်စီတပ်ဖွဲ့)တွေ အရမ်းကြောက်နေတယ်”

 

#မြေလတ်အသံ #သတင်းဆောင်းပါး #ပဲခူး #စစ်ရေးအရှိန်မြှင့် #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10