စစ်ရှောင်နေရဆဲဖြစ်တဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ စောင်နဲ့အဝတ်ထည်တွေ လိုအပ်

စစ်ရှောင်နေရဆဲဖြစ်တဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ စောင်နဲ့အဝတ်ထည်တွေ လိုအပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်နေရဆဲဖြစ်တဲ့ ကျေးရွာ ၁၂ ရွာက ပြည်သူတွေအနေနဲ့ စောင်၊ အဝတ်အထည်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၈ တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူမြို့ နယ်နဲ့ ကျွန်းလှမြို့နယ်အစပ်မှာရှိတဲh ကျေးရွာတွေထဲကို ဝင်ရောက်ပြီး စစ်ကြောင်းထိုးမီးရှို့တာတွေ လုပ်တာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးသိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ဒေသတွေမှာ စစ်ရှောင်စခန်း သီးသန့်မရှိပါဘူး။ တောထဲမှာ တဲထိုးနေကြတာပါ။ စခတွေဘက်က စစ်ရှောင်တဲတောင်မချန် မီးရှို့ဖျက်ဆီးတာပါ။ အခုတော့ ဘာတဲမှ မဆောက်နိုင်ဘူး။ ဖြစ်သလိုနေနေကြပါတယ်။ စားဖို့သောက်ဖို့က ရွာထဲကနေ တနိုင်တပိုင် အခြေခံစားသောက်ကုန်လေးတွေ သယ်ခဲ့ကြတယ်။ စစ်ကြောင်းထွက်လည်း ၄/၅ ရက်နေလို့ ရွာထဲ ပြန်မဝင်ရဲကြဘူး” လို့ ဆိုပါတယ်။

စစ်ရှောင်နေချိန်အတောအတွင်း ကျန်းမာရေးတစုံတခုဖြစ်ခဲ့ရင်လည်း ကုသနိုင်မယ့် ဆေးဝါးနဲ့ ဆရာ၊ ဆရာမတွေ မရှိတဲ့အပြင်၊ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးနေတဲ့အတွက် အခြားကျေးရွာတွေဘက်ကို သွားရောက်ကုသဖို့ကလည်း မလွယ်ကူဘူးလို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

“ရွာသားတွေက ဒီလ (ဇန်နဝါရီ) လဆန်းပိုင်းကတည်းက ရွာထဲကိုဝင်လိုက်၊ ထွက်လိုက် နဲ့ စစ်ရှောင်နေရတယ်။ ဆောင်းတွင်းကာလဖြစ်တာမို့ ကွင်းပြင်မှာ အမိုးအကာမရှိတာကြောင့် မိုးကာ၊ အနွေးထည်၊ စောင်၊ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ တကယ်လို့ တခုခုဖြစ်ခဲ့ရင် ကုသပေးမယ့် ဆရာမတွေလည်း မရှိဘူး” လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်မှာ စစ်အုပ်စုက ညောင်ကုန်းရွာကို မီးရှို့ခဲ့တာကြောင့် အနီးကျေးရွာတွေဖြစ်တဲ့ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ(တည်ပင်)၊ ချောင်းကြား၊ ဖလားရ၊ တကုန်းရွာ၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာရွာ ကဒေသခံတွေလည်း ကြောက်လန့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်မှာလည်း အင်းမရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်နီးချင်းရွာဖြစ်တဲ့ ချောင်းကြားရွာနဲ့ ရှမ်းကုန်းရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ 

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10