စစ်လေ့ကျင့်ရေးကျောင်းအုပ်ကြီးအသွင်ပြောင်း အကျဉ်းဦးစီးညွှန်ချုပ်က နိုင်၊ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေ

စစ်လေ့ကျင့်ရေးကျောင်းအုပ်ကြီးအသွင်ပြောင်း အကျဉ်းဦးစီးညွှန်ချုပ်က နိုင်၊ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေ

 

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ရောက်ရှိလာသူမှာ စစ်ကောင်စီတပ် ရှမ်းပြည်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၃ ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်

စစ်လေ့ကျင့်ရေးကျောင်းတွေမှာ တက်ရောက်ရတဲ့ စစ်သင်တန်းသားတွေဟာ အကျဉ်းသားတွေပုံစံအတိုင်း နေထိုင်သွားလာရတာဖြစ်လို့ အကျဉ်းထောင်နဲ့အလားသဏ္ဍန်တူတဲ့ စစ်တပ်လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီးကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနအောက် အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်တာလို့ CDM အသိုင်းအဝိုင်းက ဆိုပါတယ်။

"လေ့ကျင့်ရေးကျောင်းနဲ့ထောင်က သိပ်မထူးဘူးလေ။ စစ်တပ်သင်တန်းသားကလည်း ထောင်သားလိုဘဲ နေထိုင်ရတာ။ ထောင်မှာ အလုပ်လုပ်ရသလိုဘဲ၊ သင်တန်းကျောင်းမှာလည်း ဖက်ထိတ်လုပ်ရတာဘဲ။ ထောင်ကတောင် ထမင်းနပ်မှန်ဦးမယ်။ အဲ့ဒါကြောင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီး ကို ပို့တာနေမှာ" လို့ CDM တပ်မတော်သားအရာရှိတဦးက ပြောပါတယ်။

အလုပ်သင်ဗိုလ်အပတ်စဉ် ၁၇ ဆင်း ဗိုလ်မှူးချုပ် မျိုးဆွေဟာ  စီနီယာဗိုလ်ချုပ်တဦးဖြစ်ပြီး စစ်တပ်မှာဂိတ်ဆုံးနေတဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ကနေ အကျဉ်းဦးစီးညွှန်ချုပ်နေရာကို ရောက်တဲ့အလျောက် စစ်ခေါင်းဆောင်ခိုင်းသမျှကို မီးကုန်ယမ်းကုန်လုပ်မယ့်သဘောရှိတယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

"တတကဆိုတာ အခြားအဆင့်တွေအတွက်ဖွင့်တာ ကျောင်း ၁၄ ကျောင်းရှိတယ်။ အဲ့ဒီ တတက ကျောင်းအုပ်ကြီးဆိုတာ ဂိမ်းအိုဗာဖြစ်သွားပြီ၊ ရာထူး ထပ်မတက်တော့ဘူး။ ဒါမယ့် ၁၄ ကျောင်းထဲမှာမှ သူ့ကိုရွေးပြီး ညွှန်ချုပ်ခန့်တာဆိုတော့ မင်းအောင်လှိုင်ယုံရတဲ့သူလို့ ပြောလို့ရတယ်။ ဟိုလူကလည်း နေရာလေးရလာတော့ စစ်တပ်ကပုံစံအတိုင်း အကျဉ်းသားတွေကို ကြပ်တာတွေ ဘာတွေလုပ်ပြပြီး လုပ်ကွက်တွေတော့ ပြမယ်ထင်တယ်" လို့ ဆိုပါတယ်။

လစ်လပ်သွားတဲ့ တတက ၃ ကျောင်းအုပ်ကြီး နေရာကိုတော့ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ထွန်း အောင် ရောက်ရှိလာတယ်လို့ သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့အဖွဲ့တွေ့ဆုံတယ်ဆိုတဲ့သတင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ ယခင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကို စစ်ခေါင်းဆောင်က အနားပေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးအပတ်နဲ့ ဇူလိုင်လအတွင်း မြင်းခြံထောင်၊ ဒိုက်ဦး(ကျိုက်ဇကော) ထောင်တို့ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြင်ခေါ်ထုတ် သတ် ဖြတ်ခံခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အကျဉ်းဦးစီးညွှန်ချုပ်အပါအဝင် ထောင်ဝန်ထမ်းအများအပြား ဖမ်းဆီးထိန်းသိမ်းခံထားရတာလို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

စစ်တပ်အသွင်ပြောင်း ဗိုလ်ချုပ်တယောက်ကို အကျဉ်းဦးစီးဌာနအကြီးအကဲအဖြစ်ပို့ဆောင်တဲ့အတွက် အကျဉ်းထောင်အတွင်း ဖိနှိပ်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး အထူး သဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုပစ်မှတ်ထား ဖိနှိပ်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်ကော်မတီဝင် ကိုသိုက်ထွန်းဦး က သုံးသပ်ပါတယ်။

"အရင်က အကျဉ်းဉီးစီးစစ်စစ်ကနေတက်လာတဲ့ ထောင်ပိုင်တွေရှိတယ်။  ငယ်မွေးခြံပေါက်တွေ ဖြစ်တဲ့အခါမှာ အကျဉ်းသားတွေနဲ့ တသားတည်းရှိကြတယ်၊ မျှတအောင်နေတတ်တဲ့အကျင့် ရှိတယ်ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာတဲ့ စစ်တပ်အသွင်ပြောင်းတွေနဲ့က အကျဉ်းထောင်တွေမှာက အရင်လို မဟုတ်တော့ဘူး။ ထောင်ပိုင်နဲ့ ထောင်သားတွေရဲ့ကြားက ဆက်ဆံရေးပျက်သွားပြီးမှ စစ်အုပ်ချုပ်ရေးပုံစံမျိုး ဖြစ်သွားပြီး သိသိသာသာကို ဖိနှိပ်အုပ်ချုပ်လာတာမြင်ရတယ်။ ဒီ ရှေ့ကထောင်အာဏာပိုင်တွေကို သိပ်အားမရလို့ သူတို့လူတွေကို ဖိနှိပ်မှုယန္တရားတခုအနေနဲ့ ထပ်ပြီးပို့ဆောင်တယ်လို့ သုံးသပ်ပါတယ်" လို့ ပြောပါတယ်။

#မြေလတ်အသံ 

#အကျဉ်းဦးစီး #ညွှန်ချုပ် #စစ်ကောင်စီတပ် #အသွင်ပြောင်း #စစ်လေ့ကျင့်ရေးကျောင်း #တတက၃ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10