စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးဒေသအချို့ စက်ယန္တယားများဖြင့် သစ်ခိုးခုတ်မှုပိုများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးဒေသအချို့ စက်ယန္တယားများဖြင့် သစ်ခိုးခုတ်မှုပိုများလာ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတက်လာပြီး တနှစ်ခန့်အတွင်း စက်ယန္တယားများအသုံးပြုကာ သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှု ပိုများလာသည်ဟု ဒေသခံများထံက သိရသည်။

"အရင်က သစ်တောကငွေယူပေမဲ့ လမ်းဖောက်မခံဘူး။ လက်ဖောက်လမ်းနဲ့ သစ်ထုတ်ရတာ။ အခုက အင်ဂျင်ပါဝါကောင်းတဲ့ စက်ယန္တရားကြီးတွေနဲ့ဆွဲတယ်။ အတက်တွေကားမတက်နိုင်ရင် သူနဲ့ဆွဲတင်တယ်။ တင်ဖို့ချဖို့က ကရိန်းကားအသေးတောင်ရှိတယ်။ လမ်းကလည်း ဖောကားပေါ်တင်လာတဲ့ဘက်ဟိုးအသေးနဲ့ဖောက်တော့ လမ်းကရှယ်ဘဲ" ဟု သစ်တောနှင့် နီးစပ်သူတဦးက ပြောသည်။ 

ယခင်က ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်က သစ်ကားများသည် ပုသိမ်-မုံရွာ လမ်းပေါ်မှာတညကို ၄၊၅ စီးသာထွက်နေရာက ယခုအခါ စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့်ပေါင်းပြီး နေ့စဉ်အစီး ၂၀ ကျော်ထွက်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောဆိုသည်။

၈၈ အရေးအခင်းနောက်ပိုင်း နဝတခေတ်ကတည်းက စတင်ပြုန်းတီးလာသောသစ်တောများကိုထိမ်းသိမ်းသည့်အနေဖြင့် NLD အစိုးရလက်ထက်မှာ ပဲခူးရိုးမအပါအဝင် သစ်ထုတ်ခြင်းသစ်ခုတ်ခြင်းကို ရပ်နားထားခဲ့သည်။ လွတ်တော်ကိုယ်စားလှယ်များ၏ကြပ်မတ်မှုကြောင့် သစ်ခိုးထုတ်မှုအနည်းငယ် လျော့ကျသွားသော်လည်း ပြီးခဲ့သည့်နှစ် တကြော့ပြန်စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစပြီး သစ်မှောင်ခိုများ တစခန်းပြန်ထလာခြင်းလည်းဖြစ်သည်။

ယခုအခါ သစ်ခိုးထုတ်သူများ အင်အားကောင်းလာပြီး စက်ယန္တယားကြီးများအသုံးပြုလမ်းဖောက်ထုတ်ယူမှုကြောင့် ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်က သစ်တောကြိုးဝိုင်းတွေကုန်သလောက်နီးပါးဖြစ်နေသည်ဟု သိရသည်။

ဇွန်လ ၁၈ နေ့ကလည်း သစ်တောဦးစီးဌာနက ပုသိမ်-မုံရွာလမ်းကတဆင့် ဝင်ရောက်ရသည့် ပန်းတောင်းမြို့နယ် ရေကျော်ကျေးရွာအနီးမှာ ကျွန်းသစ်အပါအဝင် အုပ်စု (၁) ဝင် ပျဉ်းကတိုးနှင့် ပိတောက်အမျိုးအစား ရောနှောသစ်တန်ပေါင်း ၇၀၀ ခန့်ကို တနေရာထဲမှာ အပုံလိုက်ဖမ်းဆီးခဲ့ပြီး သတင်းမှောင်ချထားခဲ့ကြသည်။

"တနေ့တည်းဖမ်းမိတာတောင် တန် ၇၀၀ လောက်ဖြစ်နေရင် နေ့တိုင်းဆိုရင် ဘယ်လောက်ထိရှိနေမလဲမပြောနိုင်ဘူး။ မင်းတုန်း/ ကံမ ဘက်ကနေ ဥသျှစ်ပင်ဘက်ကိုတော့ သစ်ကားတွေ နေ့တိုင်းသွားနေကြတာပဲ" ဟု အမည်မဖော်လိုသူဒေသခံတဦးက ပြောသည်။

မြန်မာ့သစ်တောများသည် ၁၉၇၃ ခုနှစ်မှစပြီး ယနေ့အထိ လေးပုံတပုံခန့် ပြုန်းတီးသွားပြီး ကျန်ရှိနေသည့် သစ်တောများ၏ သုံးပုံတစ်ပုံကိုလည်း ရေရှည်တည်တံ့သည့် လမ်းကြောင်းဖြင့် မထိန်းသိမ်းပါက လာမည့် နှစ်ပေါင်း သုံးဆယ်အတွင်း ပျောက်ကွယ်သွားနိုင်မည်ဖြစ်ကြောင်း World Wildlife Fund (WWF-Myanmar)၏ သစ်တောစီမံကိန်းအကြီးတန်းအရာရှိ ဒေါ်အေးမြတ်သန္တာက WWF ၏ ဝက်ဆိုက်တွင် သတိပေးရေးသားဖော်ပြထားသည်။

သစ်တောသည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ကို လည်း စုပ်ယူပေးလျက်ရှိပြီး ကမ္ဘာမြေအတွက် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည်တို့ကိုလည်း ကာကွယ်ပေးသည်။

ယခုကဲ့သို့ သစ်ခိုးထုတ်မှုများလာခြင်းကြောင့် သစ်တောပြုန်းတီးပြီး ရေဝေရေလဲဧရိယာများနှင့် ရေထွက်စမ်းများတွင် မြေဆီလွှာတိုက်စားပြုန်းတီးမှုများဖြစ်လာနိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းတုန်းမြို့နယ် စိုက်ပျိုးရေးပညာရှင်တဦးက ပြောသည်။ 

မိုးရေတောင်ကျချောင်းရေနှင့်အတူ မြေဆီမြေနှစ်များ မျောပါသွားခြင်းကြောင့် ရေထွက်စမ်းများလည်းခမ်းခြောက်ပြီး ချောင်းများတိမ်ကောလာသည်ဟု ၎င်းကရှင်းပြသည်။

"ဒီလိုသာဆက်ပြီးခုတ်နေမယ်ဆိုရင်တော့ နောင်လာမဲ့နှစ်တွေမှာ သစ်တောပြုန်းတီးမှု ပိုများပြားလာပြီး ရာသီဥတု ဒီထက်မက အများကြီးပိုမိုဆိုးဝါးလာနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာကြီး၏အပူချိန် ၁.၅ ဒီဂရီ စင်ဒီဂရိတ်အောက်တွင် ကောင်းမွန်စွာ ထိန်းချုပ်ရန်အတွက်  နိုင်ငံတကာ ရာသီဥတုပြောင်းလဲခြင်း လျှော့ချရေးသဘောတူညီချက်တခုဖြစ်သည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်း လျှော့ချရေးနှင့် လိုက်လျှောညီထွေရှိရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NDC) ကို မြန်မာနိုင်ငံက ရေးဆွဲထားပါသည်။ 

NDC တွင် ပါရှိသည့် ကတိကဝတ်များထဲတွင် သစ်တောမြေနှင့် အခြားမြေများအသုံးချမှုကဏ္ဍတွင် နိုင်ငံတကာအထောက်အပံ့များရရှိပါက ဆောင်ရွက်မည့် ရည်မှန်းချက်အဖြစ် ၂၀၃၀ တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ပြီး ရလဒ်အနေဖြင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တန် ၂၅၆.၅ တန်အား ၂၀၂၁ ကနေ ၂၀၃၀ အတွင်း လျှော့ချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏၂၀၂၀ ပြည့်နှစ် NDC အစီရင်ခံစာ အကျဥ်းချုပ်တွင် ဖော်ပြထားသည်။ 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွက် စစ်ကောင်စီနှင့် NUG ဆိုပြီး အစိုးရ နှစ်ရပ်ရှိနေသည့်အနေအထားဖြစ်ပြီး နိုင်ငံအနှံ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးရေးအားနည်းနေသည့်အတွက် ယခုကဲ့သို့ သစ်ခိုးထုတ်မှု အပေါ် အရေးယူမှု မလုပ်နိုင်သည့်အတွက် သစ်ခိုးထုတ်မှုဟာ ပိုပြီးဆိုးရွားလာခြင်းဖြစ်သည်။ 

ယခင်က သစ်ပင်ခုတ်လှဲထားသည့် အပင်ရင်းမှ ကျွဲနွားလောက်သာအသုံးပြု သယ်ဆောင်ရာမှာ ချိန်းဆောများ၊ ခေတ်မီယန္တယားကြီးများနှင့် ခုတ်လှဲ လမ်းဖောက်သယ်ထုတ်နေသဖြင့် သစ်တောပြုန်းတီးမှု ပိုမြန်ဆန်လာနေသည်ဟု မကွေးတိုင်းအတွင်းရှိ ဒေသခံများထံကသိရသည်။

သစ်ထုတ်ရန်အတွက်  လမ်းဖောက်သည့်အခါမှာလည်း လမ်းပေါင်းများစွာဖောက်ရသည့်အတွက်  အခြားအပင်များပါအခုတ်ခံရကြောင်း ခေတ်မီယန္တယားများနှင့် လမ်းဖောက်သစ်ထုတ်လုပ်လာခြင်းအတွက် သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးကာ ရာသီဥတုဆိုးဝါးဖောက်ပြန်လာမှာကို ဒေသခံများက စိုးရိမ်နေကြကြောင်းသိရသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10