စစ်အုပ်ချုပ်ရေးနယ်မြေ ပေါက်ခေါင်းက ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်အုပ်ချုပ်ရေးနယ်မြေ ပေါက်ခေါင်းက ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကန်ကျင်းနယ်မြေရဲကင်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် ည ၇ နာရီခွဲအချိန်က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီနီးပါးကြာခဲ့ကာ လက်နက်၊ ခဲယမ်းနည်းလာတဲ့အပြင် ရန်သူဘက်ကလည်း မီးကျည်ပစ်ကာ စစ်ကူခေါ်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရဲကင်းမှာ အင်အားက ၇ ယောက်ကို ၅ယောက် အသေပစ်ခဲ့လိုက်ရတယ်။ ကိုယ့်ဘက်ကပဲ လက်ဦးမှု ယူပြီးတိုက်ခဲ့တာ၊ သူတို့က အငိုက်မိသွားတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တော့ မပစ်ခဲ့ဘူး။ ကျနော်တို့ဘက်ကပဲ ပစ်တာ”လို့ သရက်ခရိုင်၊ တပ်ရင်း ၃ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲတပ်သား ၅ ဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး စခန်းသိမ်းဖို့အထိ ရည်ရွယ်တိုက်ပွဲဖော်ဆောင်ခဲ့ပေမယ့် ရဲဘော်တဦးကို ကျည် ၆၀ တောင့်ပဲရတဲ့အတွက် စစ်ဆင်ရေးက အကန့်အသတ်နဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

ကန်ကျင်းရွာရှိရဲစခန်းပစ်ခတ်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတဦးကလည်း အတည်ပြုပြောပါတယ်။

“ပစ်ကြခတ်ကြတာ ဟုတ်ပါတယ်။ သေတာတော့ မသိဘူး။ ရဲ ၄ ယောက်ထိတယ်ဆိုတာတော့ သိရတယ်။ သူတို့ကို ကန်ကျင်းတိုက်နယ်ဆေးရုံမှာ တင်ထားတယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း ၃၊ သရက်ခရိုင် တပ်ရင်း ၂၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ URKF-Underground Revolution Knights Force တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စတင်ကာ ပဲခူးအနောက်ခြမ်းဒေသမြို့နယ် ၅ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်ပြန်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ်လည်း ပါဝင်ပါတယ်။

ပုံစာ - ဇူလိုင် ၁၆ ရက်က ပဲခူးရိုးမ၊ စိန်ကန်လန့်-မြို့ချောင်းလမ်းတွင် စစ်ဆေးမှုလုပ်နေသည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြည် #ပေါက်ခေါင်း #စစ်အုပ်ချုပ်ရေးနယ်မြေ #ရဲကင်းစခန်း #တိုက်ခိုက်ခံရ #ရဲတပ်ဖွဲ့ #ထိခိုက်သေဆုံး #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10