စစ်အုပ်စုဖမ်းဆီးသွားတဲ့ ပြည်သူတွေထဲက တချို့ကို ခေါင်းတခြားကိုယ်တခြား သေဆုံးလျက်ပြန်တွေ့

စစ်အုပ်စုဖမ်းဆီးသွားတဲ့ ပြည်သူတွေထဲက တချို့ကို ခေါင်းတခြားကိုယ်တခြား သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာထဲမှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ပြည်သူ‌တွေထဲကတချို့ကို သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်အစောပိုင်းမှာ တပ်သား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတခုက မဲအိုးကျေးရွာကို ရုတ်တရက်ဝင်ရောက်လာပြီး ကနဦး ရွာသား ၅၀ ခန့်ကို ဖမ်းထားကာ ဖုန်းနဲ့ရွှေငွေတွေ ချွတ်ယူထားပြီး တချို့တဝက်ကို အဲ့ဒီနေ့မနက်မှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ 

အဲ့ဒီနောက် ရွာသား ၁၅ ဦးခန့်ကို ဆက်လက်ဖမ်းထားပြီး စစ်ကြောင်းနဲ့အတူ လက်ယက်ကုန်းရွာကို ဖမ်းခေါ်သွားခဲ့ပါတယ်။

အဆိုပါစစ်ကြောင်းဟာ မနေ့ကညဦးပိုင်းမှာ ရေဦးနယ်စပ်ဘက်ကို ထွက်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေ ရွာထဲကိုနယ်မြေရှင်းလင်းရေးဝင်လုပ်ချိန်မှာ အသတ်ခံထားရတဲ့ အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ 

“ လက်ရှိ အလောင်း ၄ လောင်းတွေ့တယ်၊ အမျိုးသား ၃ ဦးကိုတော့ ခြေတွေလက်တွေ ခေါင်းတွေအကုန် ဖြတ်ပြီးတော့သတ်ဖြတ်ထားတယ်။ ခြေလက်တွေ တစစီ ပစ်ကျဲထားတာမျိုး တွေ့ရတယ်၊”လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးအသတ်ခံခဲ့ရတာဖြစ်ပြီး အမျိုးသမီးကိုတော့ နေအိမ်တခုမှာ နှိပ်စက်ပြီးမှ တရွတ်တိုက်ဆွဲခေါ်လာကာ အခြားနေအိမ်တလုံးထဲမှာ မီးရှို့သတ်ခဲ့တာဖြစ်နိုင်တယ်လို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ရဲဘော်တွေက သုံးသပ်ပါတယ်။ 

သေဆုံးသူတွေဟာ မဲအိုးရွာက သတ်လတ်ပိုင်းအမျိုးသားတွေဖြစ်တဲ့ ကိုဇော်ဝင်း၊ ကိုအောင်မြင့်ကျော်၊ ကိုထွန်းတို့ဖြစ်ပြီး အမျိုးသမီးကတော့ မျက်နှာပျက်စီးနေတဲ့အတွက် ဘယ်သူဘယ်ဝါ ခွဲခြားဖို့ခက်ကာ အဝတ်အစားကို ကြည့်ပြီးတော့ပဲ မဲအိုးရွာသူ မခင်နှင်းဌေး ဖြစ်ကြောင်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ ဓါတ်ပုံတွေမှာတော့ ခေါင်းမရှိတဲ့ ခန္ခာကိုယ်၊ ခုတ်ထစ်ခံထားရတဲ့ ဦးခေါင်း၊ ခြေထောက်နဲ့ လက်တွေကို ခြံဝန်းတခုအတွင်း ပစ်ထားတာကို တွေ့ရှိရပါတယ်။ 

အဆိုပါ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၇ ရက်ကတည်းက ရေဦးမြို့ကနေ ထွက်လာတာဖြစ်ပြီး ၁၈ ရက် မနက်အစောပိုင်းမှာ မဲအိုးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ညဦးပိုင်းမှာ ရေဦးဘက်ကို ထွက်ခွာသွားကာ အခုလက်ရှိ ရေဦးနဲ့ ဒီပဲယင်းနယ်စပ်က ဇိမ်ဇွန်းကျေးရွာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းရန်မရှင်းသေးတဲ့အတွက် အောင်ချမ်းသာ၊ ရွာရှည်၊ မဲအိုး၊ မူးခံတွင်း၊ လက်ယက်ကုန်း၊ ညောင်လှ ၊ သရက်တောစတဲ့ ကျေးရွာက ပြည်သူ ၁ သောင်းကျော် စစ်ရှောင်နေရဆဲပဲ ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #လက်ယက်ကုန်း #စစ်ကောင်စီ #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10