စစ်‌ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး

စစ်‌ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်မှာရှိတဲ့ ချပ်သင်းရွာ စစ်တပ်အထိုင်စခန်းကို နယ်မြေခံအဖွဲ့တွေက ဝင်ရောက်စီးနင်းရာ နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့ပြီး ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။ 

စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၈၀ လောက်ရှိတဲ့စခန်းကနေ ပတ်ဝန်းကျင်ကျေးရွာတွေကို မကြာခဏ ရမ်းသန်းပစ်ခတ်နေလို့ ဒီဇင်ဘာလ ၂၃ ရက်မနေ့ကမနက် ၁၀ နာရီမှာ ဝင်စီးခဲ့တာဖြစ်ပြီး နေ့လည် ၂ နာရီမှတိုက်ပွဲပြီးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့က အထိုင်ဆိုတော့ ကျနော်တို့ဘက်က ပစ်ကွင်းသိပ်မကောင်းဘူးပေါ့။ တေ့ပစ်တွေပစ်ရတာ၊ ကိုယ့်ဘက်ရဲဘော်က တချက်က ခေါင်းကိုထိတာ တအားမကြီးပါဘူး။ ဘယ်ဘက် ညှပ်ရိုးအောက်မှန်တဲ့ဒဏ်ရာကြောင့်ဆုံးတာ။ သူ့ကိုတချက်ထဲထိတာ ဘာမှမဖြစ်ဘူး။ ဗိုက်အောင့်တယ်ပဲ ပြောတယ်။ ၅ မိုင်လောက်ကို ဆိုင်ကယ်နဲ့သွားပြီး ဆေးကုနေရင်းမှဆုံးတာ။ ချက်ကောင်းထိတာပေါ့။ ဒဏ်ရာက သွေးမထွက်တော့ မမြင်ရဘူး။ သေပြီးအင်္ကျီချွတ်ရှာမှ တွေ့တာ" လို့ ပြောပါတယ်။ 

တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်ဖြစ်တဲ့ ဇီးကနားရွာက အသက် ၂၉ နှစ်ဝန်းကျင် CDM ကျောင်းဆရာတဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရကာ၊ စစ်ကောင်စီဘက်ကတော့ တပွင့်ဗိုလ်တဦး ရင်ဘတ်ထိမှန်ပြီး ၄ ဦး ဒဏ်ရာပြင်းထန်တာကို အတည်ပြုနိုင်ပေမယ့် သေဆုံးစာရင်းအတိကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော်က ဘယ်အဖွဲ့အစည်းကလည်းဆိုတာကိုပါ မသိရသေးဘူးလို့ အထက်ပါနီးစပ်သူက ဆက်ပြောပါတယ်။ 

ဒေသခံတွေကတော့ အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ၊ စခန်းလုပ်ထားတဲ့ အိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုနေကြပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို KB-2 တပ်ရင်း တပ်ခွဲ ၁၊၂၊၃၊၄နဲ့ တခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်ကလည်း ကိုးတောင်ဘို့တိုက်နယ်က စစ်ကောင်စီအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10