စဉ့်ကူးနဲ့ မတ္တရာမှာ စစ်တပ်က ရွာတွေကို မီးရှို့ ပြီး အမျိုးသား ၅ ဦးကိုသတ်၊ နွားနဲ့ ဆိုင်ကယ်တွေကို ယူသွား

စဉ့်ကူးနဲ့ မတ္တရာမှာ စစ်တပ်က ရွာတွေကို မီးရှို့ ပြီး အမျိုးသား ၅ ဦးကိုသတ်၊ နွားနဲ့ ဆိုင်ကယ်တွေကို ယူသွား

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ရေကြောင်းကနေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ခဲ့ရာမှာ ဓားစာခံဖမ်းလာတဲ့အမျိုးသား ၅ ဦးကို ကျေးရွာတွေထဲမှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက် မနေ့က မန္တလေးမြို့ဘက်ကနေဆန်တက်လာတဲ့ စစ်ကောင်စီသံခွန်သင်္ဘောဟာ မတ္တရာမြို့နယ်က ငယ်တိုးကျေးရွာနဲ့ သဖန်းထောင့်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာမကျေးရွာနဲ့ သဲအင်းကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။

ဒီနေ့မနက်စစ်တပ်ပြန်ထွက်ပြီးတဲ့နောက် ကြက်တူရွေးကျေးရွာထဲကို ရွာသားတွေပြန်ဝင်တဲ့အခါ အမည်မသိအမျိုးသား ၂ ဦးရဲ့ အလောင်းကိုလည်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အလောင်းတွေကို လမ်းမပေါ်ကိုတင်ထားခဲ့တာ။ ရွာသားတွေ မမြင်မြင်အောင်ပြတဲ့သဘောပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီသတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ဦးဟာ မတ္တရာမြို့နယ်အတွင်းက ဖမ်းခေါ်သွားတဲ့ဒေသခံတွေ ဖြစ်နိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဟင်္သာမကျေးရွာအုပ်စုက ၆ အိမ်ခန့်နဲ့ သဲအင်းကျေးရွာက နေအိမ် ၂ လုံး၊ ဆေးပေးခန်းတခု မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သဲအင်းကျေးရွာဒေသခံအမျိုးသားတဦးကိုလည်း စစ်တပ်က မနေ့ညပိုင်းမှာ ဓားစာခံအနေနဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို မီးဝင်ရှို့ခဲ့တဲ့ သံခွန်ဟာ မတ္တရာမြို့နယ်၊ သဖန်းထောင့်ကျေးရွာနဲ့ ငယ်တိုးကျေးရွာကို ဒီနေ့နေ့လယ်ပိုင်းမှာ ထပ်မံဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကြောင်းက မီးရှို့ပြီးပြန်ထွက်သွားချိန် ငယ်တိုးကျေးရွာအတွင်းမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား အလောင်း ၃ လောင်းကို တွေ့ရှိခဲ့တာလို့သိရပါတယ်။

အဲဒီအလောင်းတွေထဲက ၁ ယောက်ဟာ မနေ့ညက သဲအင်းကျေးရွာကနေ ဖမ်းခေါ်သွားတဲ့ ဓားစာခံ ဦးကျော်ဝင်း ဆိုသူဖြစ်ပြီး ကျန် ၂ ဦးကတော့ ဘယ်သူဘယ်ဝါတွေမှန်း မသိသေးဘူးလို့ မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က သံခွန်ပြန်ထွက်သွားချိန်မှာ ဟင်္သာမကျေးရွာရဲ့ အနောက်ဘက် စဥ့်အိုးကျွန်းပေါ်က နွားတွေနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ရွာသာယာကျေးရွာက ပျူစောထီးတွေက ဝင်ရောက်ခိုးယူသွားတာကြောင့် ခိုင်းနွား ၁၀ ကောင်၊ ဆိုင်ကယ်တွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဥ့်ကူးမြို့နယ်က ကျေးရွာတွေဟာ အခု အောက်တိုဘာအတွင်းမှာ ၃ ကြိမ် မီးရှို့ခံထားရတာလို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စဥ့်ကူးမြို့ #မတ္တရာမြို့ #စစ်ကောင်စီ #ရေကြောင်း #စစ်ကြောင်းထိုး #မီးရှို့ #ဓားစာခံ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10