စဉ်ကူးနဲ့ မတ္တရာမှာ စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့

စဉ်ကူးနဲ့ မတ္တရာမှာ စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့

မန္တလေးတိုင်း၊ စဉ်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ရေကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၅ ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေပြီး စစ်ကောင်စီသံခွန် ၁ စီး နဲ့ မော်တော်အသေး ၁ စီး ဧရာဝတီမြစ်အထက်ကို ဆန်တက်ခဲ့ပြီး သုံးဆယ်ပေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ခေါ်ကာ အနီးနားကကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ငယ်တိုးကျေးရွာနဲ့ သဖန်းဒေါင့်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ငယ်တိုးရွာက နေအိမ် ၁ လုံးနဲ့ သဖန်းဒေါင့်ကျေးရွာက နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီအထဲက သံခွန်သင်္ဘောဟာ မြစ်အထက်ကို ဆက်လက်ဆန်တက်သွားပြီး စဉ်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာဆိပ်ကမ်းမှာ ကပ်ထားပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ဒီနေ့ညနေပိုင်းမှာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"သင်္ဘောလာပြီဆိုကတည်းက ဒေသခံတွေကတော့ ပြေးကြတာ။ ရွာထဲအခြေအနေကို အသေးစိတ် မသိရသေးဘူး။ အခုမီးရှို့နေပြီ" လို့ စဉ့်ကူးမြို့နယ်မှ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ကြက်တူရွေးကျေးရွာနဲ့  ၂ မိုင်ခန့်အကွာမှာရှိတဲ့ ပျူစောထီးစခန်းအထိုင်ချထားတဲ့ ရွာသာယာကျေးရွာကနေလည်း သံခွန် ၁ စီး နဲ့ စုန်လာပြီး ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း ကြက်တူရွေးကျေးရွာကို စစ်တပ်နဲ့ ရွာသာယာကျေးရွာက ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မန္တလေးဘက်မှ ဆန်တက်လာသည့် စကစသံခွန်၊ မော်တော်နှင့် ငယ်တိုးရွာက မီးရှို့ခံထားရသည့် လူနေအိမ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #မတ္တရာမြို့နယ် #စစ်ကောင်စီ #ရေကြောင်း #မီးရှို့ #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10