စဥ့်ကူးနယ်ကကျေးရွာတွေကို စစ်တပ်ကရွာလုံးကျွတ်မီးဝင်ရှို့နေ

စဥ့်ကူးနယ်ကကျေးရွာတွေကို စစ်တပ်ကရွာလုံးကျွတ်မီးဝင်ရှို့နေ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာထက်မနည်းကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် ဒီကနေ့မနက်ပိုင်းမှာ ရွာသာယာရွာက ပျူစောထီး ၃၀ ခန့်နဲ့ ရေကြောင်းကနေ လာတဲ့စစ်ကြောင်းဟာ ဟင်္သာမကျေးရွာကို နှစ်ဖက်ပိတ်ဆို့ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် နေ့လယ် ၁၁ နာရီလောက်မှာ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ သဲအင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာ လို့ သိရပါတယ်။

"ဟင်္သာမမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတော့ သဲအင်းကိုဝင်ရှို့တာ။ သဲအင်းက အိမ်ခြေ ၈၀၀ ကျော် လောက်ရှိတာ။ အကုန်တန်းရှို့သွားတယ်။ အခုက ဟင်္သာမရွာကို ဝင်ရှို့နေတာ မီးခိုးတွေကို မဲနေတာပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ သဲအင်း၊ ဟင်္သာမ၊ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာတို့ မီးရှို့ခံထားရပြီး ဒေသခံ ၅၀၀၀ ကျော်လည်း ရှောင်တိမ်းနေရကာ ပျူစောထီးနဲ့စစ်တပ်က ကျေးရွာတွေအတွင်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေအတွင်း ပြန်လည်မဝင်ရောက်နိုင်သေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို အတိအကျမသိရသေးပေမယ့် အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးမှုရှိနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ဟင်္သာမကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျဆုံးများခဲ့တာကြောင့် ဒီကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ပြီး ၇ ရက်အကြာမှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု မီးထပ်ရှို့တာဟာ ယခင်ကကျန်နေတဲ့ နေအိမ်တချို့နဲ့ အသစ်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွာသာယာကျေးရွာက ပျူစောထီးတွေဟာ အောက်တိုဘာလ ၁၅ ရက်ကတည်းက အနီးနားကျေးရွာတွေကို ဒရုန်းနဲ့ဗုံးလိုက်ချနေတာကြောင့် ကျေးရွာတွေက စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စဉ့်ကူး #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး #လူနေအိမ် #ဒေသခံ #ထွက်ပြေးရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10