စီလောင်ရွာက နေအိမ် ၃ လုံးကို စစ်တပ်ကမီးရှို့ပြီး အဘွားအိုတဦးပါ မီးထဲပါသေဆုံး

စီလောင်ရွာက နေအိမ် ၃ လုံးကို စစ်တပ်ကမီးရှို့ပြီး အဘွားအိုတဦးပါ မီးထဲပါသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စီလောင်ရွာကနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ကာ အဘွားအိုတဦးလည်း မီးထဲပါသေဆုံးခဲ့တယ်လို့ M ဒေါင်းနီတပ်ဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့၊ အင်ပင်ဂိတ်ကနေ စစ်ကား ၄ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေက နို၀င်ဘာ ၃ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ  စီလောင်ရွာထဲကို ၀င်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

နေအိမ်တွေကို မီးရှို့စဉ် အသက် ၇၀ အရွယ် ဒေါ်တင်ကြည်လည်း မီးထဲပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

“အဘွားရဲ့အောက်တပိုင်းကတော့ မီးလောင်သွားတယ်။ အပေါ်ပိုင်းက ကျန်နေခဲ့တယ်။ သူတို့ အဘွားကိုမြင်ရက်နဲ့ပဲ မီးရှို့သွားတာလား၊ မမြင်ဘဲနဲ့ မီးရှို့သွားတာလားဆိုတာတော့ ကျနော်တို့လည်း ခန့်မှန်းမရဘူး။ အဘွားက သူ့သားအိမ်မှာနေတာ လူရော အိမ်ရော မီးရှို့သွားတာ”လို့ M ဒေါင်းနီအဖွဲ့ခေါင်းဆောင် ဗိုလ်ဆံရှည်က ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ နို၀င်ဘာ ၂ ရက်မနေ့ည ၁၁ နာရီလောက်ကတည်းက မြိုင်ဘက်ကို ထွက်ခွာလာချိန် စီလောင်ရွာနဲ့ တမိုင်လောက်အကွာမှာ မိုင်းဆွဲခံရပြီးနောက် ခုလို ရွာကို၀င်ရောက် မီးရှို့ခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတဲ့ အိမ် ၃ လုံးဟာ တလုံးနဲ့တလုံး နီးကပ်နေတာမျိုး မဟုတ်တဲ့အတွက် နေအိမ်တွေကို ရွေးချယ်ပြီး မီးရှို့သွားတာဖြစ်နိုင်တယ်လို့ M ဒေါင်းနီအဖွဲ့ခေါင်းဆောင် ဗိုလ်ဆံရှည်က ပြောပါတယ်။

အိမ်ခြေ ၈၀ ဝန်းကျင်ရှိတဲ့ စီလောင်ရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ‌တော့ နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #မီးရှို့ #အဘွားအို ‌#သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10