စေတုတ္တရာမှာ ၄ နာရီကြာတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံး

စေတုတ္တရာမှာ ၄ နာရီကြာတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာမှာ စစ်ကောင်စီနဲ့ မင်းဘူးခရိုင်တပ်ရင်း ၃ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ  ၂၅ ရက် မနေ့က မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီထိ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ လက်ပံကျင်းရွာကနေ လုံးကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကပစ ၂၀၊ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ ပူးပေါင်းစစ်ကြောင်း အင်အား ၁၅၀နဲ့  ဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ခွဲနဲ့ ထိပ်တိုက်တွေ့တာ၊ စစ်ကောင်စီဘက်က ၅ယောက်လောက် သေတယ်၊ မိုင်းထိတဲ့သူတွေကလည်း အများကြီး၊ ကျတော်တို့ဘက်က ခံစစ်ဆို‌တဲ့အနေထားမှာ ကာမိုင်းတွေနဲ့ ကောင်းကောင်းရပ်တည်နိုင်ခဲ့တယ်၊ သူတို့(စစ်ကောင်စီ)ဘက်က တရွတ်တိုက်ဆွဲခေါ်သွားတာတွေ ၄၊ ၅ယောက်ရှိတယ်၊ ထမ်းပြီးပြန်ရတာတွေရှိတယ်၊ RPGပစ်တဲ့နေရာမှာလည်း ထိတဲ့သူတွေရှိတယ်။” လို့ မင်းဘူးခရိုင် တပ်ရင်း ၃ တာဝန်ခံက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပြီး နေ့လယ် ၂ နာရီမှာပဲ လုံးကြီးရွာကို မီးဝင်ရှို့ခဲ့ပြီး အခုလက်ရှိ မုန်းချောင်းတဖက်ကမ်းမှာရှိတဲ့ လက်ပံကျင်းရွာကို စစ်ကြောင်းပြန်ခေါက်သွားကာ အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

လုံးကြီးရွာဟာ အိမ်ခြေ ၁၀၃ အိမ်ရှိပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီးပြီးနောက် အိမ်ခြေ ၂၀ လောက်ပဲ ကျန်ရှိတော့တဲ့အတွက် ရွာရဲ့ ၈၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာမှာရှိတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာကိုရွှေ့ထားကာ စစ်ရှောင်စခန်းဆောက်လုပ် ကူညီထားပေးပြီး ပြည်သူတွေကတော့ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လုံးကြီးကျေးရွာကို မီးရှို့နေပုံ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #မင်းဘူးခရိုင် #စေတုတ္တရာမြို့နယ် #စစ်ကောင်စီ #တော်လှန်ရေးအင်အားစု #တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10