ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်က မီးရှို့သွား

ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်က မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သားတွေက မတ်လ ၁၀ရက် ည ၇ နာရီလောက်မှာ လာရောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆားလင်းကြီး မြို့မဆေးရုံနဲ့ ရဲစခန်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိုင်ချထားတဲ့နေရာနဲ့ နေအိမ် ၃ လုံးအကွာလောက်မှာရှိတဲ့ ဒေါ်သန်းနွဲ့စျေးဆိုင်၊ နေအိမ်တလုံးနဲ့ ဂိုထောင်တလုံးတို့ကို လာရောက်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။ 

“ခြံကကျယ်တော့ ခြံထဲမှာ နေအိမ် ၂ လုံးနဲ့ ဂိုထောင်တလုံးရှိတယ်။ အခုအဲဒါတွေ အကုန်လုံး မီးလောင်သွားပြီး ကျန်ခဲ့တာဆိုလို့  အိမ်သာတလုံးပဲရှိတယ်။ သူတို့ ဘာကြောင့်မီးရှို့လဲဆိုတော့ အဲဒီအိမ်ထဲမှာ PDF တွေရှိတယ်ဆိုပြီး မီးရှို့သွားတာပဲ” လို့ ဆားလင်းကြီးမြို့ခံတဦးက ပြောပါတယ။်

အခုလို မြို့လယ်ကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပေမယ့်လည်း ပြည်သူတွေဟာ မီးကိုမငြိမ်းရဲတဲ့အပြင် အဲဘက်တွေကိုတောင် သွားလာတာမျိုး မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။ 

“ဆားလင်းကြီးမြို့ပေါ်က လူတွေလည်း မြို့ထဲမှာ မနေရဲတော့ဘူး။ ရှောင်တဲ့သူတွေများတယ်။ တချို့တဝက်လောက် ပဲကျန်တယ်။ ဆိုင်ကယ်တွေဆိုလည်း သုံးလေးစီးလောက်ပဲ မောင်းရဲတာ၊ အဲဘက်တွေဆိုဘယ်သူမှ သွားမရဲကြဘူး” လို့ သူက ဆက်ပြောပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ မိသားစုဝင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး  နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက် ဆားလင်းကြီးမြို့ပေါ်မှာ မနေရဲတော့ဘဲ နေအိမ်တွေကို ချိတ်ပိတ်ထားပြီး ရန်ကုန်ကိုပြောင်းရွေ့နေထိုင်တာ ၁ နှစ်ဝန်းကျင်လောက်ရှိပြီး ဖြစ်ပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့မထင်ရင်မထင်သလို လက်နက်တွေနဲ့ ပစ်ဖောက်တာမျိုးတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ၊ ဖမ်းဆီးစစ်ဆေးတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #ဒေါ်သန်းနွဲ့ကုန်စုံဆိုင် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10