ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံပုရာကျေးရွာကို စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက် မနေ့ကညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ မကွေးလေတပ်ကနေ ထွက်လာတဲ့ F 7 တိုက်လေယာဥ်တစီးနဲ့ ရဟက်ယာဥ်တစီးဟာ သံပုရွာကျေးရွာထဲကို ၁၀ မိနစ်ကြာ ပစ်ခတ်ခဲ့တာပါ။ 

ခုလိုပစ်ခတ်မှုကြောင့် ရေခပ်နေတဲ့ မမေသင်္ကြန် ၂၃ နှစ်နဲ့ မယုနန္ဒာ ၂၂ နှစ်တို့ သေဆုံးခဲ့ပြီး ဒေါ်တင်စန်းထွေး ၄၉ နှစ်၊ မသီတာသိမ့် ၁၁ နှစ်နဲ့ မဇင်ယမုံထွန်း ၁ နှစ်ခွဲတို့ ဒဏ်ရာရခဲ့ကာ မူလွန်စာသင်ကျောင်း ၁ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

“အဲ့ဒီရွာဆိုတာကလည်း တပ်ရင်းတပ်ဖွဲ့တွေ ထိုင်တဲ့ရွာမဟုတ်ဘူး။ ပြီးတော့ အဲ့နားတွေမှာလည်း တိုက်ပွဲဖြစ်တာတွေ မရှိဘူး။ ဒီအတိုင်းကို အကြောင်းမဲ့သက်သက် လာပစ်သွားတာ။” လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ မမေသင်္ကြန်မှာ ၃ လသားအရွယ်သမီးလေးတဦး ကျန်ရှိခဲ့ပြီး မယုန္ဒာရဲ့သမီးဖြစ်သူ မဇင်ယမုံထွန်းနဲ့ ထိခိုက်ဒဏ်ရာသူတွေကို ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို မနေ့ကညနေမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွာသားတွေလည်း ရွာထဲမှာမနေရဲတော့ဘဲ ရွာကနေတိမ်းရှောင်နေကြတယ်လို့ သံပုရာကျေးရွာသား တဦးက ပြောပါတယ်။ 

“ကျနော်တို့တွေ ရွာထဲကိုဝင်မရဲဘူး။ နောက်ထပ်တကြိမ် လေကြောင်းနဲ့ လာပစ်မှာကြောက်လို့ လေကြောင်းအသံပဲ နားထောင်နေကြတာ။ လေကြောင်းသံကြားတာနဲ့ ဝပ်နေရတယ်။ စစ်ကောင်စီကိုလုံးလုံးကို မမြင်ချင်ဘူး။ အမြစ်ပြတ် ချေမှုန်းချင်နေတာ” လို့သူကဆိုပါတယ်။

အခုဒီဇင်ဘာလအတွင်း စစ်ကောင်စီက ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ဆိပ်ဖြူစတဲ့ ယောဒသက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာ၊ လေကြောင်းနဲ့ပစ်ခတ်တာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက်နေ့လယ်ပိုင်ကလည်း ဆိပ်ဖြူမြို့နယ်နဲ့ ဆောမြို့နယ်အစပ်ဒေသကို တံတားဦးလေဆိပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာတစီးပေါ်ကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ အဆောက်အဦအချို့ ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #စစ်ကောင်စီ #လေကြောင်းပစ် #အမျိုးသမီး၂ဦး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10