ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား

ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီတပ်စခန်းကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားသလို ကာကွယ်ရေးရဲဘော် ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)ကနေ အင်အား ၆၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျစ်ပြင်ရွာထဲဝင်သွားပြီး အဲ့ဒီကနေတဆင့် ဆက်လက် စစ်ကြောင်းထိုးလာစဉ် တောထဲမှာ ထင်းခွေနေတဲ့ ဒေသခံ ၆ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကိုတွေ့ရှိသွားပြီး ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ကာကွယ်ရေးစခန်းရှိရာနေရာကို လိုက်ပြခိုင်းပြီး စခန်းထဲက တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးကာ စခန်းထဲမှာရှိတဲ့ မိုင်း၊ ဆိုင်ကယ်၊ စားသောက်ကုန်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ 

ဒါ့အပြင် တောထဲက ဖမ်းမိလာတဲ့ အသက် ၂၅ နှစ်အရွယ် ရဲဘော် စပါးကြီးနဲ့ အသက် ၂၆ နှစ်အရွယ် ရဲဘော် ဝေကြီး (နာမည်လွှဲ)တို့ကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ပါတယ်လို့ သိရပါတယ်။ 

“ကျနော်တို့ လက်လုပ်ပစ္စတို ၁ လက်တော့ ပါသွားတယ်။ ဆိုင်ကယ် ၂ စီး၊ မိုင်းခဲယမ်း အကုန်မီးထဲပါသွားတယ်။ ရဲဘော်ကလည်း ထင်းခွေသွားရင်း မိတာပါ။ စခန်းရောက်မှ ပစ်သတ်ပြီး မီးရှို့ခဲ့တာ”လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

မီးရှို့အသတ်ခံလိုက်ရတဲ့ ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်သားတွေက စစ်ဆေးမေးမြန်းပြီးမှ သတ်တာလား၊ အရှင်လတ်လတ် မီးရှို့သတ်တာလားဆိုတော့ ကာကွယ်ရေးရဲဘော်တွေအနေနဲ့လည်း အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ စခန်းပြန်ရောက်တော့ မီးလောင်ထားတဲ့ ရဲဘော်အလောင်းပဲ ပြန်တွေ့တယ်။” လို့ သူက ဆက်ပြောပါတယ်။ 

မီးရှို့အသတ်ခံရတဲ့ ရဲဘော် ၂ ယောက်ကိုလည်း အဲ့ဒီညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စခန်းကိုမီးရှို့ပြီး ပြန်ထွက်လာချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာတော့ ဖမ်းဆီးထားတဲ့ ပြည်သူ ၆ ဦး နဲ့အတူ လစခ ၉ ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

အခုချိန်ထိ ဖမ်းဆီးထားတဲ့ ပြည်သူ ၆ ဦးလည်း ပြန်လွတ်လာတာမျိုး မရှိဘူးလို့ သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားလိုက်တဲ့အတွက် ငွေကျပ်တန်ဖိုး ၁၃၀ ကျော် ဆုံးရှုံးသွားတယ်လို့လည်း ဆိုပါတယ်။

ပုံစာ- မီးရှို့ခံရသည့် ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီတပ်စခန်းနှင့် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ရဲဘော် ၂ဦး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ဆိပ်ဖြူဘာမထီတပ်စခန်း #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #ကာကွယ်ရေးရဲဘော် #မီးရှို့သတ် #ပြည်သူ့ကာကွယ်ရေးတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10