ဇနီးဖြစ်သူရဲ့ လောကီအစီအရင်တွေကြောင့် ခလရ (၁) တပ်ရင်းမှူး တိုက်ပွဲကျသွားတာလား

ဇနီးဖြစ်သူရဲ့ လောကီအစီအရင်တွေကြောင့် ခလရ (၁) တပ်ရင်းမှူး တိုက်ပွဲကျသွားတာလား

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကရင်နီပြည်နယ်၊ ငွေတောင်ဆည်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ခလရ(၁)တပ်ရင်းမှူးဟာ ဇနီးဖြစ်သူ တပ်ရင်းမှူးကတော်ရဲ့ နောက်တန်းမှနေ၍ လောကီအစီအရင်များဖြင့် ကျိန်စာတိုက်ခဲ့သည်ဟု အဆိုပါကိစ္စများကို သိရှိထားသူ တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် စစ်ကောင်စီတပ် အမှတ်(၁)ခြေလျင်တပ်ရင်း (ခလရ-၁)သည် သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်(တပ်မ၆၆) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်းတခုဖြစ်သည်။

ခလရ(၁)တပ်၏ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဆိုသူဖြစ်ပြီး ဖော်ပြပါကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်ဖြစ်ပွားသည့် ငွေတောင်ဆည်တိုက်ပွဲတွင် ၎င်း၏တပည့် ၁၀ ဦးကျော်နှင့်အတူ သေဆုံးခဲ့ရခြင်းဖြစ်သည်။

တပ်ရင်းမှူး ကျော်ဇေယျသည် ကရင်နီပြည်နယ်အတွင်းသို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကစတင်ရောက်ရှိခဲ့ပြီး ၎င်းရှေ့တန်းရောက်ရှိနေသည့် ကာလများတွင် နောက်တန်းရှိ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝါဝါလွင်က လက်ပံတန်းမြို့မှ အောက်လမ်းဆရာတဦးထံတွင် ၎င်းသေဆုံးရန်အစီအရင်အမျိုးမျိုးဖြင့် ပြုလုပ်ခဲ့သည်ဟုဆိုသည်။

"တပ်ရင်းမှူးက နိုဝင်ဘာလမှာဘဲ နောက်တန်းကို ခဏပြန်ရောက်လာတယ်။ အဲ့ဒီလထဲမှာဘဲ ချက်ချင်း ကယား(ကရင်နီ)ပြည်နယ်ကို စစ်ဆင်ရေးပြန်ထွက်ရတယ်။ သူထွက်သွားတဲ့နောက်ပိုင်း တပ်ရင်းမှူးကတော်က လက်ပံတန်းက အောက်လမ်းဆရာတယောက်ဆီမှာ သူ့စစ်ဝတ်စုံနဲ့ သူသေအောင်ဆိုပြီး အစီအရင်တွေ လုပ်တယ်။ သူ့အိမ်မှာရှိတဲ့ ဂမုန်းပင်မှာလည်း အောက်လမ်းဆရာခိုင်းတဲ့အတိုင်း "ကျော်ဇေယျ တိုက်ပွဲကျပါစေ" ဆိုတဲ့စာသားကိုရေးပြီး အစီအရင်လုပ်တယ်" ဟု ခလရ ၁ တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ တပ်ရင်းမှူးကတော် ဒေါ်ဝါဝါလွင်သည် တပ်ရင်းမှူး ကျော်ဇေယျနှင့် အိမ်ထောင်ရေးအဆင်မပြေမှုများရှိနေသည့်အပြင် ခလရ(၁)မှ တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးမျိုးဝင်းခိုင် ဆိုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုများရှိနေခြင်းကြောင့် ဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။

"တပ်မှူးကတော်နဲ့ တပ်ရေးဗိုလ်ကြီးဖြစ်နေတာ တပ်ရင်းတရင်းလုံးနီးပါး သိတယ်။ မပြောရဲတော့ မသိချင်ယောင်ဆောင်နေကြတာ။ တပ်ရင်းမှူးနာမည်နဲ့ တိုက်ပွဲကျပါစေဆိုတာကြီး ဂမုန်းပင်မှာရေးပြီးလုပ်တာတွေလည်း သိကြတယ်။ သူတို့လင်မယားအဆင်မပြေဖြစ်နေတာရော၊ သူလူမှုရေးရှုပ်တာနဲ့ရော အဲ့ဒီလိုတွေလုပ်တာ" ဟု အဆိုပါ တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

တပ်မ(၆၆) လက်အောက်ခံ ခလရ(၁)သို့ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျသည် ၂၀၁၃ ခုနှစ်မှာ စတင်ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်ပြီး သေဆုံးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၈ နှစ်ကြာ တပ်ရင်းမှူးတာဝန်ယူခဲ့ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း အစောပိုင်းကာလများအထိ တပ်မ(၆၆) သည် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးထွက်နေရပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်းမှစ၍ ချင်းပြည်နယ်သို့စေလွှတ်၍ ထိုးစစ်ဆင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော်ဖြစ်စဉ်တခုဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရပ်ကွက်များ အိမ်ခြေရာနှင့်ချီ မီးတင်ရှို့ခံခဲ့ရသည် ဖြစ်စဉ်တွင် အဆိုပါ ခလရ(၁) က စစ်ကောင်စီတပ်သားများနှင့် တပ်မ ၆၆ လက် အောက်ခံတပ်ရင်းများပါဝင်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။

ထို့နောက် နိုဝင်ဘာလအတွင်း တပ်မ ၆၆ နှင့် လက်အောက်ခံတပ်များကို နောက်တန်းသို့ ခေတ္တပြန် လည်ခေါ်ယူပြီးနောက် နိုဝင်ဘာလအတွင်းမှာပင် ကရင်နီပြည်နယ်အတွင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ် သည်။

တပ်ရင်းမှူး ကျော်ဇေယျသည် DSA အပတ်စဉ် ၄၀ ဆင်းဖြစ်ပြီး တပ်မ ၆၆ တပ်မမှူးထက် အပတ်စဉ်စောသည့် စီနီယာတဦးဖြစ်ပြီး၊ တပ်မမှူးနှင့်သဘောထားကွဲလွဲမှုတချို့ရှိခဲ့ကာ စစ်တပ်မှနှုတ်ထွက်ခွင့်တင်ထားသူလည်းဖြစ်ကြောင်း သိရသည်။

"တပ်ရင်းမှူးက တပ်မမှူးထက် စီနီယာကျတယ်။ သူက အပတ်စဉ်စောတော့ တပ်မမှူးနဲ့ သူနဲ့ကြားမှာလည်း ပြသနာတချို့ရှိတယ်။ သူက အရင်က ပြစ်မှုရှိခဲ့လို့ထင်တယ်။ ရာထူးမတက်တော့ဘူး။ တပ်ထဲကထွက်ဖို့လုပ်နေတာ နှုတ်ထွက်ခွင့်တင်ထားတာ။ စစ်အာဏာသိမ်းလိုက်ပြီး ထွက်ခွင့်တွေရပ်ဆိုင်းထားတော့ ထွက်မရသေးဖြစ်နေတာ" ဟု တပ်တွင်းသတင်းရင်းမြစ်တဦးက ရှင်းပြသည်။

တပ်ရင်းမှူး ကျော်ဇေယျသည် တပ်တွင်းစီနီယာ၊ ဂျူနီယာပြဿနာများကို တဘက်ကရင်ဆိုင်နေရသလို မိသားစုအတွင်း လူမှုရေးဖေါက်ပြန်သည့်ကိစ္စများကြုံတွေ့နေရသည့်အပြင် မကြာခဏရှေ့တန်းပို့ခံရသည့် တပ်ရင်းမှူးတဦးဖြစ်သည်။

တပ်ရင်းမှူးကတော်၏ အောက်လမ်းအစီအရင်များက အစွမ်းထက်သည်ဟု ဆိုရမည်လား၊ ကရင်နီ KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့်ဟုပြောရမည်လား ဒီဇင်ဘာ ၃၁ ရက် ငွေတောင်ဆည်တိုက်ပွဲတွင် တပ်ရင်းမှူးကျော်ဇေယျ KNDF မှ ပစ်ခတ်သည့် RPG ထိမှန်သဖြင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည်။

၎င်းနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးမှုနှင့်ပတ်သက်၍လည်း တပ်တွင်း၌ အမျိုးမျိုးတီးတိုးပြောဆိုဝေဖန်မှုများ ယခုကာလအထိရှိနေသေးကြောင်း သိရသည်။

၎င်းသေဆုံးပြီးနောက် စစ်ကောင်စီတပ်က ပေးအပ်သည့် ဆုကြေး (Gratuity) ကျပ်သိန်း ၁၈၀ နှင့် စစ်တက္ကသိုလ်အပတ်စဉ်တူ စစ်ကောင်စီတပ်အရာရှိများ၏ ဝိုင်းဝန်းထည့်ဝင်ကူငွေ သိန်း ၈၀၀ ခန့်ရရှိခဲ့သည်ဟု သိရသည်။

၎င်းနှင့်အိမ်ထောင်ရေးဖောက်ပြန်နေသူ ခလရ(၁) တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီး မျိုးဝင်းခိုင်သည် လက်ရှိ ခလရ(၁) တွင်တာဝန်ထမ်းဆောင်ဆဲဖြစ်ပြီး သေဆုံးသွားသည့် တပ်ရင်းမှူး ကျော်ဇေယျ၏နေရာတွင် ဒု-ဗိုလ်မှူးကြီး သူရိန် ဆိုသူအစားထိုးရောက်ရှိလာကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မျိုးများသည် စစ်ကောင်စီတပ်တွင်း အများအပြားဖြစ်နေပွားနေပြီး၊ ယင်းကဲ့သို့ နောက်တန်းတွင်ကျန်ရှိသည့် စစ်ကောင်စီတပ်သားများ၏ မိန်းမများအနေဖြင့် အပြန်အလှန် လူမှုရေးဖောက်ပြန်မှုများ အများအပြားဖြစ်ပေါ်နေသည်ကလည်း တပ်အင်အားပြုန်းတီးမှုများဖြစ်ပေါ်နေသည်ဟု CDM တပ်မတော်သားတဦးက ပြောသည်။

"ဒီဖြစ်စဥ်တွေက တပ်ရင်းတွေမှာ အများအပြားရှိတယ်။ တပ်ရင်းမှူးကတော်လို အဆင့်မျိုးကတော့ ကြုံတောင့်ကြုံခဲဘဲ။ အောက်ခြေအခြားအဆင့် မိန်းမတွေမှာတော့ တော်တော်များများကြားရတယ်။ နောက်မှာကျန်တဲ့ ရုံးစာရေးနဲ့ ရှေ့တန်းကအရာရှိကတော်နဲ့ ဖောက်ပြန်တယ်။ အခြားအဆင့်မိန်းမနဲ့ နောက်တန်းက တပ်ရဲ (RP)နဲ့ စသဖြင့်ပေါ့။ တနှစ်တနှစ်အဲ့ဒီ မိန်းမမှုတွေနဲ့ဘဲ ထောင်ကျပြီးထွက်ကတဲ့ စစ်သားအင်အားကမနည်းဘူး" ဟု CDM တပ်မတော်သားတဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ ခလရ (၁) တပ်ရင်းသည် ကရင်နီပြည်နယ်အတွင်းမှာပင် တိုက်ခိုက်နေရပြီး နောက်တန်းအင်အားနည်းပါးနေသဖြင့် စစ်မှုထမ်းဟောင်းများကို ငှားရမ်း၍ လုံခြုံရေးကင်းစောင့်ခိုင်းနေရပြီး ၎င်းတို့အောက်ခြေစစ်သားများ၏ အရွယ်ရောက်ပြီးသူ သား၊ သမီးများကိုလည်း စစ်သင်တန်းများ တက်ရောက်ခိုင်းထားကြောင်း သိရသည်။

မှတ်ချက်။      ။ယခုဆောင်းပါးအား မြန်မာစစ်တပ်နှင့်နီးစပ်သူ ပြင်ပဆောင်းပါးရှင်တဦးမှ ပေးပို့သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10