ဇီးကုန်းတိုက်နယ် နဲ့ ကိုးတောင်ဘို့တိုက်နယ်က လူနေအိမ် ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ဇီးကုန်းတိုက်နယ် နဲ့ ကိုးတောင်ဘို့တိုက်နယ်က လူနေအိမ် ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ဇီးကုန်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်က နေအိမ် ၃၀ ကျော်ကို စစ်အုပ်စုက အောက်တိုဘာ ၃၁ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

ဇီးကုန်းတိုက်နယ်၊ ဌက်ပျောတိုင်းရွာဓာတ်အားပေးရုံးမှာ ၁ လခွဲနီးပါးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ မီးရုံးမြောက်ဘက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။ 

ဒါ့အပြင် အဲဒီနေ့ ညနေ ၃ နာရီလောက်မှာဘဲ ကိုးတောင်ဘို့အထိုင် ခြေမြန် တပ်ရင်း - ၃၆၃ တပ်ဖွဲ့နဲ့ ပျူစောထီးတပ်သားတွေဟာ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာရှိတဲ့ လျှော်ဖြူကုန်းရွာက နေအိမ် အလုံး ၃၀ ကို ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

“ဌက်ပျောတိုင်းက မီးရှို့ခံရတာ တကြိမ်ပဲရှိသေးတယ်။ ရွာသားတွေရွာထဲကနေ ရှာင်နေတာ ၂ လကျော် လောက်ရှိပြီ။ အခုထိရွာထဲ ပြန်မဝင်နိုင်သေးဘူး။ သူတို့တွေက ပြည်သူတွေကို ဒုက္ခရောက်စေချင်လို့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လျှော်ဖြူကုန်းကျေးရွာဟာ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ နီးတဲ့အတွက် အမြဲလိုလိုစစ်ကြောင်းထိုးခံရပြီး မကြာခဏနေအိမ်တွေ မီးရှို့ခံရပါတယ်။ အိမ်ခြေ ၂၆၀ ဝန်းကျင်ရှိတဲ့ လျှော်ဖြူကုန်းရွာဟာ အခုလို မီးရှို့ခံရတာ စတုတ္ထအကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လမှာလည်း နေအိမ် ၁၂၀ လုံး၊ စက်တင်ဘာလမှာ နေအိမ် ၂ လုံး၊ ၂၀၂၃ ဧပြီလမှာ နေအိမ် ၆၀ လုံး နဲ့ အောက်တိုဘာ ၃၁ ရက်မှာ နေအိမ် ၃၀ လုံး စုစုပေါင်း နေအိမ် ၂၁၂ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်ရာ တရွာလုံးနီးပါး မီးရှို့ခံထားရတာဖြစ်ပါတယ်။ 

ဒါ့အပြင် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာအတော်များများက ပြည်သူတွေဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေတာ ၁ နှစ်နဲ့ ၈ လနီးပါးရှိဖြစ်သလို စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မြွေအန္တရာယ်ကိုပါ ကြုံတွေ့နေရပါသေးတယ်။ 

ကိုးတောင်ဘို့တိုက်နယ်အတွင်းက စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ တချို့က တောထဲမှာတဲထိုးပြီးနေထိုင်ကြသလို တချို့ကလည်း နီးစပ်ရာကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိရာနေရာမှာ သွားရောက်နေထိုင်ကြပြီး စားသောက်ဖို့ကိုလည်း နီးစပ်ရာရွာတွေက အလှူခံကျွေးမွေးပေးတာမျိုးရှိသလို တချို့ကလည်း စစ်ရှောင်ရင်း လယ်ယာလုပ်ရင်း စားသောက်ဖို့ကို ဖြေရှင်းနေရတယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူခရိုင် #ဇီးကုန်းတိုက်နယ် #ကိုးတောင်ဘို့တိုက်နယ် #မီးရှို့ #ကျွန်းလှတက်ကြွလှုပ်ရှားသူများ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10