ဇီးပြားရွာတိုက်ပွဲမှာ  ကာကွယ်ရေးရဲဘော် ၂၁ ဦး ဘာကြောင့်သေဆုံးခဲ့သလဲ (ဆောင်းပါး)

ဇီးပြားရွာတိုက်ပွဲမှာ  ကာကွယ်ရေးရဲဘော် ၂၁ ဦး ဘာကြောင့်သေဆုံးခဲ့သလဲ (ဆောင်းပါး)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ကျေးရွာအုပ်စုကြီး တခုဖြစ်သည်။ ပျူစောထီးအားကောင်းသည့်ကျေးရွာဖြစ်ပြီး နယ်မြေရဲစခန်းလည်းရှိသည်။ 

ပျူစောထီးအင်အား ရာချီရှိကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲအင်အားကလည်း ၈၀ ဝန်းကျင်ရှိတာကြောင့် ဇီးပြားကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ရှိသည်ဟု မြေပြင် PDF ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါကျေးရွာကို ပေါက်မြို့နယ်အတွင်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အင်အား ၂၀၀ ကျော်က နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ၆ ရက်ကြာ ကျေးရွာသိမ်းတိုက်ပွဲတခု ဆင်နွှဲခဲ့ကြသည်။ 

တိုက်ခိုက်သည့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွင် မြိုင်ပကဖ တပ်ရင်း ၁ နှင့် တပ်ရင်း ၂ က အများဆုံးပါဝင် ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသတွင်း Local PDF တွေလည်း ပါဝင်ခဲ့ကြသည်။

နိုဝင်ဘာ ၁၅ ရက်၊ ၆ ရက်မြောက် တိုက်ပွဲနောက်ဆုံးနေ့တွင် စစ်ကောင်စီဘက်က ပေါက်မြို့အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄)တပ်မှ လက်နက်ကြီးပစ်ကူ အချက်ရေရာနဲ့ချီ ပစ်ခတ်ပေးခဲ့သလို လေကြောင်းပစ်ကူအဖြစ် မုံရွာနမခမှ Mi - 35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့ရသည်အထိ တိုက်ပွဲက ပြင်းထန်ခဲ့သည်။ 

ဤသို့တိုက်ခိုက်နေသည့်ကြားက တော်လှန်ရေးတပ်ဖွဲ့များသည် ညနေ ၃ နာရီခန့်တွင် ရဲစခန်းမှအပ ကျေးရွာတခုလုံးနီးပါးကို စီးနင်းနိုင်ခဲ့ကြသည်။

ဇီးပြားရွာ နေရာအများအပြားတွင် စစ်ကောင်စီဘက်က ခံစစ်အတွက်ပြုလုပ်ထားသည့် ဘန်ကာများ၊ ပခုက္ကူ-ဂန့်ဂေါရထားလမ်းဘေးတလျှောက်နှင့် ဇီးပြားဘူတာရှိ ဘန်ကာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည်လည်း ဇီးပြားရွာအနောက်ဘက်ရှိ နောက်ထပ် ပျူစောထီးအားကောင်းသည့် တရော်ကိုင်းရွာကို ဆုတ်ခွာသွားကြပြီဖြစ်သည်။ 

ယင်းအခြေအနေအထိ ဇီးပြားရွာသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင် ၃၀ ကျော်အထိ သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၃ ဦးသာ သေဆုံးခဲ့သည်။ 

“သူတို့(စကစ)ဘက်က ၃၀ ကျော်ပေါ့။ အတိအကျဆို ၃၃ ယောက်လောက်သေတယ်။ ရဲစခန်းတခု ကလွဲရင် တရွာလုံးကိုပတ်မွှေပြီး ဘန်ကာတွေကိုလည်း မီးရှို့ထားနိုင်ပြီ။ လေကြောင်းကလည်း တောက်လျှောက်လာနေတော့ အကုန်လုံးကို ပြန်ဆုတ်ခိုင်းထားပြီးပြီ” ဟု မြိုင်ပကဖတာဝန်ရှိသူတဦးက ပြောသည်။

သို့သော် အောင်မြင်မှုနှင့်အတူ တပ်ဆုတ်ပြန်လာခဲ့သည့်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးရဖို့ကို အကြောင်းက ဖန်လာခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ဇီးပြားရွာမှ လူစုခွဲကာ အဖွဲ့လိုက်အသီးသီး ပြန်လည်ဆုတ်ခွာလာ သည့်အချိန်တွင် ဆက်သွယ်ရေးစကားပြောစက်မှတဆင့် ဇီးပြားရွာအတွင်း တော်လှန်ရေးအဖွဲ့ဝင်တချို့ ကျန်ရှိနေကြောင်းနှင့် လာရောက်ကူညီခေါ်ဆောင်ပေးရန်ဟုဆိုကာ အကူအညီတောင်းခံလာသည်။

ထိုအခါ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က အကူအညီပေးရန် ဇီးပြားရွာသို့ စစ်ကြောင်းပြန်လှည့်သွား ကြသည်။

သို့သော် စကားပြောစက်မှ လှမ်းအကူအညီတောင်းသည့် အသံပိုင်ရှင်မှာ သူတို့၏ တော်လှန်ရေးတပ်ဖွဲ့ဝင် မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်နေကြသည်။ 

“ပေါ့ဆတာလို့ပဲ ပြောရမှာပေါ့။ စက်ထဲမှာ အသံကြားတော့ အနီးရှိတဲ့အဖွဲ့တွေနဲ့ သွားကြမယ်၊ ကယ်ကြဆိုပြီး လုပ်ကြတာ။ စက်ပေါ်ကကြားတဲ့နေရာကို သွားကြတာမှာ သူတို့(စကစ) သတ်ကွင်းထဲကို ရောက်သွားပြီး အရှေ့၊ အနောက်ညှပ်ပိတ် ပစ်ခံရတာ။ အဲ့ဒီမှာ အကျဆုံးများကုန်တာ” ဟု မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

ပထမဆုံးချောင်ပိတ်အပစ်ခံရသည်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးအဖွဲ့ဖြစ်သည်။ ယင်းပစ်ခတ်ခံရမှုမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ အဆိုပါစစ်ကောင်စီသတ်ကွင်းသို့ နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖွဲ့များ ထပ်မံရောက်ရှိခဲ့ရာ စစ်ကောင်စီ၏ ပစ်ခတ်မှုကို ၄ ကြိမ်တိုင်တိုင် ခံခဲ့ရသည်ဟု သူက ဆိုသည်။

“ပထမဆုံးအဖွဲ့က လွတ်လာတဲ့တယောက်ကပြောမှ အပစ်ခံရမှန်းသိတာ။ အဲ့ဒီအချိန်မှာ တခြားအဖွဲ့ တွေကလည်း အဲ့ဒီနေရာကို သွားနေကြပြီ။။ စက်ပေါ်မှာ သတင်းရတဲ့သူက အနီးရှိတဲ့သူနဲ့ အဲဒီနေရာကို လိုက်သွားကြတာ။ အပြုံလိုက်ကြီး ၂၀ ကျော်သေတာ မဟုတ်ဘူး။ ၇ ယောက် တဖွဲ့၊ ၈ ယောက်တဖွဲ့ ၊ အဲ့ဒီလိုမျိုး ၄ သုတ်လောက်ခွဲပြီး အပစ်ခံရတာ” ဟု သူက ဆက်ရှင်းပြသည်။

ထို့ကြောင့် ဇီးပြားရဲစခန်းတိုက်ပွဲတွင် ပထမသေဆုံးသွားသည့် ရဲဘော် ၃ ဦးနှင့် ပိတ်ဆို့ပစ်ခတ်ခံရသည့် ရဲဘော်များအပါအဝင် စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ရသည်။ သေဆုံးသွားသူများအနက် အသက် ၃၀ အရွယ် အမျိုးသမီးရဲဘော်တဦးလည်း ပါဝင်သည်။  

ပိတ်ဆို့ပစ်ခတ်ခံရမှုများအတွင်း ကာကွယ်ရေးရဲဘော်တချို့ ပြန်လည်လွတ်မြောက်လာမှုများလည်းရှိပြီး သေဆုံးသူများအနက် နိုဝင်ဘာ ၁၇ ရက်အထိ ရုပ်အလောင်း ၆ လောင်းသာ ပြန်လည်ရရှိခဲ့ကာ မောင်းပြန်သေနတ် ၁၄ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဇီးပြားရဲစခန်းတိုက်ခိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ကျကျန်ခဲ့သည့် ဆက်သွယ်ရေးစကားပြောစက်(Icon)ကို စစ်ကောင်စီဘက်က ရရှိသွားပြီး အယောင်ဆောင်အကူအညီတောင်းကာ ထောင်ချောက်ဆင် ပိတ်ဆို့ပစ်ခတ်ခဲ့ရာက ယခုလို ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

“တိုက်ပွဲတုန်းက ပြေးရင်းလွှားရင်း ရဲစခန်းနားမှာ ရဲဘော်တွေထဲက စကားပြောစက် ၂ လုံးကျကျန်ခဲ့တာ။” ဟု မြိုင်ပကဖ တာဝန်ရှိသူ ပြောသည်။

ယင်းသို့ဖြစ်ခဲ့သည့် အခြေအနေမှန်ကို မြေပြင်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ညဘက်မှ သိရှိခဲ့ရသည်ဟု ဆိုသည်။ 

“ အကုန်လုံးက ပွဲပြီးလို့ ပြန်ကုန်ပြီပဲ ထင်တာ။ အဲ့ဒီလိုဖြစ်နေတာကို မပြောကြဘူး။ ဖြစ်တဲ့နေရာမှာ လည်း ပထမဆုံးရောက်လို့ အပစ်ခံရတဲ့အဖွဲ့တွေရဲ့ အလောင်းတွေကိုလည်း မတွေ့၊ ဘာဖြစ်မှန်းလည်း သေချာမသိတော့ ရှေ့ကလူကို နောက်ကလူက ရှာကြဖွေကြနဲ့ အောက်ကလည်း မပြောသေးတာလည်းပါတယ်။ ဖြစ်ပြီးတော်တော်ကြာမှ သိရတာ”  ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။

ဖြစ်စဉ်အားသိရှိချိန်မှသာ ဆက်လက်ရှာဖွေမှုများ မပြုလုပ်ရန်နှင့် တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာကြဖို့ မြေပြင်တော်လှန်ရေးခေါင်းဆောင်ပိုင်းများက ညွှန်ကြားမှသာ အားလုံးပြန်လည်ဆုတ်ခွာခဲ့ကြသည်။ ဖြစ်စဉ်တခုလုံးနှင့် ထိခိုက်သေဆုံးမှု၊ ဆုံးရှုံးမှုအခြေအနေများကို နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှသာ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်တွင် အဖွဲ့ချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုနှင့် အမိန့်ပေးကွပ်ကဲမှုကွင်းဆက် အားနည်းခြင်းတို့ကြောင့် ယခုလို ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း မြိုင်ဒေသလွှတ်တော်အမတ်တဦးက မှတ်ချက်ပြုသည်။

တော်လှန်ရေးရဲဘော်များသည် လူငယ်များဖြစ်သည့်အလျှောက် စိတ်အားထက်သန်ကြသည်၊ မခံချင်စိတ်များ ရှိကြသည်၊ သေနတ်နှင့် ကျည်ဆံရရှိပါက စစ်တပ်ကိုတိုက်ဖို့ လက်မတွန့်ကြသူများဖြစ်သော်လည်း တိုက်ပွဲတပွဲတွင် စစ်တပ်တခုလိုအမိန့်နာခံမှု အားနည်းပြီး ကိုယ့်သဘောနှင့်ကိုယ် လုပ်ကြသည့်အတွက် ဆုံးရှုံးမှုများရှိသည်ဟု သူက ဆိုသည်။

 

ယခုဆုံးရှုံးမှုဖြစ်စဉ်နှင်ပတ်သက်ပြီး သူက အခုလို မှတ်ချက်ပြုသည်။ 

“စစ်တပ်တတပ်ပုံစံရှိရမယ့်၊ လိုက်နာရမယ့်ဟာတွေမှာကျတော့ အားနည်းတယ်လို့ ပြောရမှာပေါ့။ ခုဖြစ်စဉ်လည်း COC အားနည်းတာပေါ့။” 

#မြေလတ်အသံ

#မကွေး #မြိုင် #တိုက်ပွဲ #ဇီးပြားရွာ #PDF #ဆုံးရှုံးမှု #သေဆုံးမှု #COC #ချိတ်ဆက်မှု #အားနည်း #ဆောင်းပါး #သတင်းဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10