ဇူလိုင် ၁၉ မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် တလူလူလွှင့်

ဇူလိုင် ၁၉ မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် တလူလူလွှင့်

ဥဩဆွဲသံဟာ ပေါ်လာလိုက် ပျောက်လာလိုက်နဲ့ သမိုင်းဟာ သွေးသံတရဲရဲနဲ့ ရှေ့ဆက်ချီနေဆဲဖြစ်တယ်။ ကျနော်တို့နေ့တွေဟာ သွေးသံတရဲရဲ။ ကျနော်တို့ဘဝတွေ ရုန်းကန်အော်ဟစ်။ ဒီနေ့ထိတိုင် ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိမနေသေးဘူးလားလို့ နာနာကျင်ကျင်။ လူတယောက်အဖြစ်ဟာ တိရစ္ဆာန်နဲ့အတူတူလို့။ ဒါပေမဲ့ ယုံကြည်စွာ ကျနော်တို့ ရှေ့ဆက်နေဆဲ။ တချိန်ချိန်မှာ ကျနော်တို့ခြေထောက်တွေ အောင်မြေဆီရောက်မယ်လို့ ပြင်းပြင်းထန်ထန် ယုံကြည်နေကြဆဲလည်း ဖြစ်တယ်။

ဥဩဆွဲသံကို ကျနော့် ဘဝဟိုးငယ်ငယ်တပါတီအာဏာရှင်စနစ် အမောက်ထောင်လို့ကောင်းတုန်းအရွယ်ကတည်းကစသိခဲ့တယ်။ ဒါ့ထက်ပိုတိတိကျကျ ပြောရမယ်ဆိုရင် ကျနော် ၃-၄ နှစ်သားအရွယ် ၁၉၇၆ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်တယ်။

ရေပတ်လည်ဝိုင်းနေတဲ့ ကျနော်တို့ ကျွန်းမြို့လေးဟာ ၁၉ ဇူလိုင်ကိုရောက်တိုင်း ခပ်ပြင်းပြင်းဥဩဆွဲဖို့ နှစ်စဉ်အဆင်သင့်။ ရပ်ကွက်၂ ခုနဲ့ ဖွဲ့စည်းထားတဲ့မြို့လေးရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ခြမ်းရပ်ကွက် ဆန်စက်နှစ်လုံးဟာ နှစ်စဉ် ၁၉ ဇူလိုင် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစဉ်အလာမပျက် ဥဩဆွဲသံတွေနဲ့ လှိုက်မောဆွေးမြေ့လို့။ လမ်းမပေါ်ရောက်နေတဲ့ စက်ဘီး၊ မြင်းလှည်း၊ ကားနဲ့ လူတွေပါ အကုန်ရပ်။ တမြို့လုံး ပေါင်းမှ ၂ စီး ၃ စီးသာရှိတဲ့ ခရီးသည်တင်ချက်ပလက်ကားတွေကလည်း ဆန်စက်ဥဩဆွဲသံကြားတာနဲ့တစ်ပြိုင်နက် ရောက်ရာအရပ်မှာရပ်ရုံတင်မက တရစပ်ဟွန်းတီးသံတွေပါ မပြတ်။

အတန်းပညာ ၃ တန်းသာသင်ဖူးတဲ့ ဒေါင်ဒေါင်မြည်တောသူမကြီးကျနော့်အဘွားက အာဇာနည်နေ့ ရောက်တိုင်း ဆွေးဆွေးမြေ့မြေ့ ထွက်ပေါ်လာတဲ့ မေလှမြိုင်ရဲ့ ‘အလေးပြုပါတယ်’ဆိုတဲ့သီချင်းသံမှာ ဆွေးမြေ့လို့။ ရေဒီယိုမကြိုက်တဲ့အဘွားဟာ အာဇာနည်နေ့ရောက်တိုင်း မနက် ၇ နာရီ ရေဒီယို မြန်မာပိုင်းအစီအစဉ် စတင်ပြီဆိုကတည်းက ရေဒီယိုကို တချက်မပိတ် ဆက်တိုက်ကိုဖွင့်လို့။

၁၀ နာရီ ၃၇ မိနစ်၊ ရေဒီယိုကနေ ဥဩဆွဲသံကြားတာနဲ့ အဘွားဟာ လုပ်လက်စတွေအကုန်ချပြီး ဥဩ သံမရပ်မချင်းမတ်တပ်ရပ်။ ၃-၄နှစ်သားပေါက်စလေးကျနော်က အဘွားလုပ်သလို လိုက်မတ်တပ်ရပ်လို့။ ဘာလို့ ဥဩဆွဲရင် မတ်တပ်ရပ်ရတာလဲလို မေးကြည့်တော့ အဘွားက သူသိသလောက် ပြန်ပြောပြရှာတယ်။ "သေသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို သတိရပြီး မတ်တပ်ရပ်တာ" တဲ့။ သူတို့သေသွားတာနဲ့ ဘာလို့မတ်တပ်ရပ်ရတာလဲလို့ ထပ်မေးတော့ ဗိုလ်ချုပ်တို့ဟာ ဗမာပြည်ရဲ့ကျေးဇူးရှင်တွေမို့တဲ့။ ဘာလို့သေသွားတာလဲဆိုတော့ လူဆိုးတွေက သေနတ်နဲ့ပစ်လို့။ လူဆိုးတွေက ကျေးဇူးရှင်ကို ဘာလို့သေနတ် နဲ့ပစ်တာလဲလို့ ထပ်ကွန့်တော့ အဘွားမဖြေတတ်တော့။ဘာပဲဖြစ််ဖြစ် အဘွားဟာ မြန်မာပြည်သူတစ်ယောက် ရဲ့တာဝန်ဖြစ်တဲ့ သမိုင်းလက်ဆင့်ကမ်းအမွေ သူ့မြေးကျနော့်ဆီ ပေးအပ်ခဲ့တယ်။

ပထမအာဏာရှင် ဗိုလ်နေဝင်းခေတ်။ အာဇာနည်တွေလောက်အထိ တက်မစော်ကားရဲသေးတာမို့ ကျနော်တို့တောမြို့လေးဟာ အာဇာနည်နေ့ရောက်တိုင်း အာဇာနည်နေ့အထိမ်းအမှတ် ချီတက်အလေးပြုအ ခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိတယ်။ မနက်စောစော ၅ နာရီခွဲ၊ စုရပ်က မြို့မဈေးရှေ့၊ မြို့ပေါ် ၃ တန်း၊ ၄ တန်းကျောင်းသားတွေကစလို့ အထက်တန်း ကျောင်းသားတွေအထိ ကိုယ့်စိတ်ဆန္ဒအတိုင်း လာချင်လာ၊ မလာချင်နေဆိုပေမဲ့ အဖြူနဲ့အစိမ်းတွေဖွေးလို့။ မိုးရွာလည်း ထီးဆောင်းပြီး ချီတက်မယ်ဆိုတာချည်း။

ဟိုး…ရှေ့ဆုံးက ကားပေါ်တင်ထားတဲ့ လော်စပီကာကနေ အာဇာနည်သီချင်းတွေ ဝဲဝဲလွင့်လွင့်၊ အဲဒီကားရဲ့နောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ။ သူတို့နောက်မှာက အထက်တန်းကနေ ၃ တန်းအထိ အစဉ်လိုက်။ ကတ္တရာလမ်းအတိုင်း မြို့တဝက်လောက်လျှောက်ပြီးတဲ့နောက် တောင်ပေါ်ကိုချိုးကွေ့။ ကျနော်တို့အထက် တန်းကျောင်းရဲ့အကျော်တေဇဥယျာဉ်ထဲက ကျောက်တိုင်အရောက်ချီ။ အဲဒီကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချ အလေးပြုကြ။ ပြီးရင် ကောက်ညှင်းပေါင်း တယောက်တဆုပ် ခွဲတမ်းကျ။ အစီအစဉ်ကဘာမှမဟုတ်ပေမဲ့ အာဇာနည်တွေကို ဂုဏ်ပြုရမယ်ဆိုတဲ့အသိဟာ ကျနော်တို့သွေးသားထဲအထိ စီးဝင်ခဲ့တာမို့ ကျနော်တို့ကလေးတွေနှစ်စဉ်မပျက်။

ကျနော်တို့လူပျိုအရွယ် ဒုတိယအာဏာရှင်ခေတ်ကိုရောက်တော့ သခင်အောင်ဆန်းဆိုတာ ဒီမိုကရေ စီအရေးတော်ပုံကြီးရဲ့ တပ်ဦးမှာ အလေးအမြတ်ပြုခံရသူ၊ အာဇာနည်တွေရဲ့နိုင်ငံရေး ဝိဉာဉ်တွေဟာ ဒီမိုကရေ စီအ‌ရေးတော်ပုံကြီးကို ဦးဆောင်နေတာမို့ သန်းရွှေတို့တသိုက် ဆတ်ဆတ်ခါခဲ့ကြတယ်။
အာဇာနည်နေ့ကို ကြက်ပွဲသာသာလောက် အဖြစ်ကျင်းပကာ သမိုင်းကိုဖျောက်ဖျက်ဖို့ အာဏာရှင်တသိုက်က မိုက်လုံးကြီးခဲ့တယ်။ အာဇာနည်နေ့ ဥဩဆွဲသံကိုရပ်ပစ်၊ အာဇာနည်နေ့ ဦးညွှတ်အလေးပြုသူကို ဖမ်းပစ်။ ဒါပေမဲ့မြန်မာပြည်သူတွေရဲ့ သွေသားထဲ အာဇာနည်ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်တွေ စီးဆင်းနေမြဲ မို့ အာဏာရှင်တွေရဲ့ အောက်တန်းကျချက်တွေဟာ ထင်ရှားတဲ့သေရာပါ အမာရွတ်ဖြစ်ခဲ့တယ်။

တမွန်းတည့်သာသာ အရူးတွေကောင်းစားတဲ့ ကြံ့ဖွံ့အစိုးရလက်ထက်၊ စစ်တစ်ပိုင်းဒီမိုကရေစီအဖြစ် ဒီမိုကရေစီအငွေ့အသက်တွေ ရရှိလာတာတောင် အာဇာနည်နေ့ဥဩဆွဲရမှာကို ကြောက်နေတုန်းမို့ ပြည်သူတွေကြား ဟားတိုက်ရယ်မောသံ ကျယ်လောင်ခဲ့ဖူးတယ်။

ပြည်သူ့အာဏာပြည်သူ့ဆီ တစိတ်တပိုင်းပြန်ရောက်တဲ့ NLD အစိုးရလက်ထက်ကျမှသာ အာဇာနည်နေ့ဆိုတာ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ဝင့်ထည်ခဲ့တယ်။အာဇာနည်ဗိမာန်မှာ ပြည်သူတွေတိုးမပေါက်၊ ဗိုလ်ချုပ်ပြတိုက်မှာ ဟိုး..မနက်အစောကြီးထဲက တန်းစီစောင့်နေတဲ့ပြည်သူတွေရဲ့စိတ်ဓာတ်။ ကလေးငယ်လေးတွေကို လက်ဆွဲလို့ အာဇာနည်ဗိမာန်လာကြတဲ့ မိသားစုတွေနဲ့ ကျနော်တို့ငယ်ငယ်တုန်းကလို သမိုင်းလက်ဆင့်ကမ်းအမွေ၊ လှိုက်ခနဲဖြစ်ရ။

မူလတန်းကျောင်းသား ကျနော့်သားကို NLD အစိုးရလက်ထက် တခုသောအာဇာနည်နေ့မှာ ဗိုလ်ချုပ် ပြတိုက်လိုက်ပို့။ တတွတ်တွတ်မေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဝိသေသတွေ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မြင်ကွင်းတွေပြောပြဖြစ်။ ကျနော်တို့သားအဖ အာဇာနည်နေ့မှာ အတူစီးဆင်းခဲ့ကြ။ ကျနော်တာဝန်တခု ကျေသလိုခံစားခဲ့ရတယ်။

အခု ၂၀၂၂ ခုနှစ်ကိုရောက်တော့ အရူးသွေးပြည့်လျှံနေတဲ့ အာဏာရှင်တွေက ပြည်သူတို့ရဲ့အာဇာနည် စိတ်ဓာတ်ကို ချေမှုန်းဖို့ ကြိုးစားခဲ့ပြန်တယ်။ ဇူလိုင် ၁၉ ရက်နေ့၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အကြောက်ကြီး ကြောက်နေတဲ့အာဏာရှင်တွေဟာ ထုံးစံမပျက် ဥဩဆွဲသံကို ပိတ်လိုက်ပေမဲ့လည်း ရန်ကုန်မြို့လမ်းမပေါ် ရောက်နေတဲ့ကားတွေ ရောက်ရာအရပ်မှာ တုံ့ခနဲရပ်။ ကားဟွန်းသံတွေကို ပြတ်ပြတ်သားသားတီးလို့ အာဏာရှင်တွေကို တော်လှန်ခဲ့ကြတယ်။

ဟွန်းသံကို အလွယ်တကူနှိပ်လိုက်ရတာမျိုးဘယ်ဟုတ်မလဲ။ ၁၀ နာရီ ၃၇ မိနစ် ကားဟွန်းသံဆိုတာ အခန့်မသင့်ရင် ဘဝပျက်သွားနိုင်ရုံတင်မက နေ့ချင်းပြီးအသက်ထွက်သွားနိုင်တဲ့ကားဟွန်းသံမျိုး။ ဒါပေမဲ့ တိုင်ပင်မထားဘဲ ကားဟွန်းသံတွေ သံပြိုင်ထွက်ပေါ်လာကာ အာဏာရှင်တွေကို တော်လှန်ပစ်ခဲ့တယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မနက်၊ ပြည်မြို့ပေါ်က အနောက်ပေါက်လမ်းထိပ်၊ လေးကျွန်းမဏ္ဍိုင်ရှေ့ ကားတစီးကို ရပ်စေပြီး အကြမ်းဖက်ရဲတွေက ထိုးကြိတ်ဖမ်းဆီးခဲ့။ ကားပေါ်မှာက အာဇာနည်တွေအတွက် လွမ်းသူ့ပန်းခွေတွေကျကျနန။ ဘယ်လောက်ထိ သူရဲကောင်းဆန်လိုက်လေသလဲ။ ဒီလိုအစွယ်တွေပြူးပြဲထွက်နေတဲ့ အာဏာရှင်တွေ မောက်မာနေတဲ့ကာလမှာ အာဇာနည်တွေကို လွမ်းသူ့ပန်းခွေနဲ့အလေးပြုမယ်ဆိုတာ အနိမ့်ဆုံးအဆင့် ထောင်ထဲတန်းဝင်ရမှာ သေချာမှန်းသိလျက်နဲ့။ ပြည်မြို့က အဲဒီသူရဲကောင်းတွေ ဘဝနဲ့ရင်းပြီးပြောပြလိုက်တာက နိုင်ငံတော်က တရားဝင်ရုံးပိတ်ရက်အဖြစ် ပြဌာန်းထားတဲ့ အာဇာနည်နေ့မှာ သမိုင်းဝင် အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုလို့ ထိုးကြိတ်ဖမ်းဆီးခံရတာ တကမ္ဘာလုံး မြင်အောင်ကြည့်ကြ ဆိုတာပါပဲ။

တနိုင်ငံလုံးအနှံ့ အာဇာနည်နေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်ခဲ့ကြတယ်။ နေ့စဉ် သေနတ်သံမစဲတဲ့ အညာတခွင်မှာ အာဇာနည်နေ့ချီတက်ပွဲတွေ ကျင်းပခဲ့ကြတယ်။ ကြက်သီးထလောက် ဖွယ်မြင်ကွင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း လူအင်အားထောင်နဲ့ချီတဲ့ အာဇာနည်နေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ။ ဒီလောက်တိုက်ပွဲတွေကြားထဲ။ ဒီလောက် နေ့စဉ် ပြည်သူ့အသက်အိုးအိမ် သတ်ဖြတ်မီးရှို့ခံနေရတဲ့ကြားထဲ။

အာဇာနည်နေ့မှာ အာဇာနည်စိတ်ဓာတ်ကိုကိုင်စွဲဖို့ တိုက်ပွဲဝင်သူရဲကောင်းတွေ ကြွေးကြော်ခဲ့ကြတယ်။ အာဇာနည်နေ့မှာ အာဇာနည်မျိုး သေရိုးမရှိလို့ ကြွေးကြော်ခဲ့ကြတယ်။ အာဏာရှင်တွေရှိနေ၍ အာဇာနည်နေ့ဆိုတာ အာဏာရှင်ဆန့်ကျင်ရေးနေ့ပဲ။ အာဇာနည်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် ကို အမြင့်ဆုံး လွှင့်ထူခဲ့ကြတယ်။

ထွန်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10