"ဉာဏ်တော်အမြင့်ဆုံးဆင်းတုဒကာ စစ်ခေါင်းဆောင်နှင့် ဘာသာရေးလွတ်လပ်ခွင့်စံချိန် အနိမ့်ဆုံးနှစ်များ"

"ဉာဏ်တော်အမြင့်ဆုံးဆင်းတုဒကာ စစ်ခေါင်းဆောင်နှင့် ဘာသာရေးလွတ်လပ်ခွင့်စံချိန် အနိမ့်ဆုံးနှစ်များ"

#Analysis

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်၊ အဆောက်အအုံ ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တလအကြာမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ဘုရားဒကာလုပ် ဦးဆောင်တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းနှင့် ဘာသာရေးအခမ်းအနားများကို နိုင်ငံတော်အဆင့်အဖြစ် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြည်တွင်းပြည်ပ ဆရာတော်သံဃာတော်အပါး ၉၀၀ ၏ ရွတ်ဖတ်ပူဇော်မှုများဖြင့် တခမ်းတနားကျင်းပ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မာရဝိဇယရုပ်ပွားတော်သည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး ဒေါ်လာ သန်း ၄၀ ခန့်ကုန်ကျနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

တဖက်တွင်တော့ မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်သူ ၁.၆ သန်းကျော်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂ သန်း ပဲရှိသေးကြောင်း ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုပေါင်းစုံသဟဇာတဖြစ်ရေးနေ့ (World Interfaith Harmony Day) ရက်သတ္တပတ်ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့  ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်ဦးဆောင်ပြီး အာဏာသိမ်းခဲ့ကြသည်။ ထိုနေ့တွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ဘာသာကိုးကွယ်မှုနှင့် ယုံကြည်မှုဆိုင်ရာ မတူကွဲပြားမှုများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြရေး အပြန်အလှန်လေးစားမှုဖြင့် သဟဇာတဖြစ်ရေးကို အလေးပေးပြောဆိုနေကြသည့် နေ့လည်းဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဉ်၏ နောက်ဆက်တွဲဆိုးကျိုးများစွာထဲတွင် ၂၀၂၃ ခုနှစ် ဧပြီလအထိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာရေးအဆောက်အအုံများအပါ သာသနိက အဆောက်အအုံ ၂၀၀ နီးပါးတိုက်ခိုက်ဖျက်ဆီးခံရကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုစာရင်းမှာ မြေပြင်နှင့်ကွာခြားနိုင်ပြီး စာရင်းမကောက်ယူနိုင်သည့် ကျေးရွာများနှင့် ထုတ်ပြန်ချက်မှာ ဧပြီလအထိ စာရင်းသာဖြစ်ရာ မေ၊ ဇွန်၊ ဇူလိုင် ၃ လတာအတွင်း စစ်ကိုင်းခင်ဦးနယ်ဘက်တွင် အများအပြား ထပ်မံဖျက်ဆီးခံခဲ့ရသလို တခြားဒေသများတွင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရမှုများရှိသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များ ကဆိုသည်။

သက်ဆိုင်ရာ ဘာသာဝင်အိမ်ထောင်စုတစုချင်းဆီ၏ နေအိမ်များတွင် သီးခြား ကိုးကွယ်ပူဇော်ထားသည့် ဆင်းတု၊ ရုပ်ပုံကားချပ်နှင့် ဘာသာရေးဆိုင်ရာ သင်္ကေတပစ္စည်းများသည်လည်း နေအိမ်တလုံးမီးရှို့ခံရသည်နှင့် တခုပါဝင်သွားလေ့ရှိသည်။ 

သို့ဖြစ်ရာ ဖျက်ဆီးခံရသည့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်ပစ္စည်း ထောင်သောင်းမက ရှိနေပြန်သေးသည်ဟု ဆိုရာရောက်သည်။ ထိုစာရင်းကို ICJ ထုတ်ပြန်ချက်တွင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။

“စစ်ကောင်စီစစ်ကြောင်းက ရွာထဲဝင်မီးရှို့တော့ ပြေးပြေးဆိုပြီး ဆွဲမိဆွဲရာ ယူလာတာ။ ရင်ခွင်ထဲပိုက်လာတဲ့ ဘုရားဆင်းတုတဆူပဲ ယူခဲ့နိုင်တယ်။ ကျန်တာတော့ အကုန်ပြာပဲ။ အခြားသူတွေရဲ့ ဘုရားစင်က ဆင်းတုတွေကတော့ အကုန်ရိုက်ချိုးဖျက်ဆီးတာခံခဲ့ရတာပဲ” ဟု ခင်ဦးမြို့နယ်၊ ကျေးရွာတရွာရှိ စစ်ရှောင်နေရဆဲ အသက် ၇၀ ခန့် အမျိုးသမီးကြီးတဦးက ဆိုသည်။

 

"မုန်တိုင်းဒဏ်သင့်ပြည်သူ့အရေး ဂရုမစိုက်နိုင်ဘဲ ဘုရားတည်ဖို့ ဦးစားပေးခဲ့သူများ"

စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရရေးအတွက် စနစ်တကျ စီမံရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအား အယောင်ဆောင် လူထုထောက်ခံပွဲ ပြုလုပ်အတည်ပြုခဲ့သည့်ရက်သည် ၂၀၀၈ မေလ ၁၀ ရက်နေ့ဖြစ်သည်။

ထိုနေ့မတိုင်ခင် မေလ ၂ ရက်နေ့တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူဦးရေ ၂ သန်း ၄ သိန်း ဆိုးဝါးစွာ ထိခိုက်ခံစားခဲ့ရပြီး လူ ၁ သိန်းကျော် အသက်သေဆုံးခဲ့ကာ လူပေါင်း ၁ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများကို ကူညီကယ်ဆယ်မည့် ကမ္ဘာအဖွဲ့အစည်းအသီးသီးကိုတော့ မုန်တိုင်းအပြီး ၃ ပတ်ကြာမှ ခွင့်ပြုသည်။ 

ထို့အတူ မင်းအောင်လှိုင်၏ စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၃ ခုနှစ် မေလလယ်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့် အကူညီလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ 

သို့သော်လည်း အရေးပေါ်ကူညီကယ်ဆယ်ရေးများကိုတော့ နာဂစ်နည်းတူ စစ်ကောင်စီက အကန့်အသတ်ဖြင့် ခွင့်ပြုပြီး အချို့ကိုပိတ်ပင်ခဲ့သည်။ အထူးသဖြင့် တော်လှန်ရေးအားကောင်းရာ စစ်ကောင်စီမျက်မုန်းကျိုးနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးဒေသအချို့တွင် ကိုယ်ထူကိုယ်ထ ကူညီကြရသည်ကလွဲ၍ ပြင်ပအကူအညီမရသလောက်ပင် ဖြစ်သည်။

“ကျနော်တို့ ဘက်တော့ စစ်ကောင်စီနဲ့ပတ်သက်ရင် ဘာအကူညီမှ မရဘူး။ လိုချင်လို့ပြောတာလည်း မဟုတ်ဘူး။ မလာဘူးဆိုတာပြောတာပါ။ အားလုံးကတော့ ကိုယ်ထူကိုယ်ထပဲ။ တချို့ လမ်းတံတားနဲ့ အဆောက်အဦတွေက ပြင်နေတာ ပြီးတောင်မပြီးသေးဘူး။ တချို့လည်း စစ်ရှောင်နေရလို့ လှည့်မကြည့်နိုင်ဘူး” ဟု မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ပုလဲဒေသခံတဦးက ပြောသည်။ 

ယင်းအခြေနေမှာ မိုခါမုန်တိုင်းအပြီး ၂ လခွဲအကြာ ဇူလိုင်လနှောင်းပိုင်းတွင် ပုလဲဒေသခံက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ တချို့လမ်းတံတားများကို ပြုပြင်နိုင်ခြင်းမရှိသေးချေ။ အလားတူ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် စိုက်ခင်းပျက်များတွင်လည်း ပြန်လည်မစိုက်ပျိုးနိုင်ပေ။

ကူညီကယ်ဆယ်ရေးများအား စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီတို့ကနေ ဓါတ်ပုံများဖော်ပြနေသော်လည်း လက်ရှိ‌မြေပြင်ရှိ ပြန်လည်ထူထောင်ရေးများက မုန်တိုင်းအပြီး ၃ လကြာအထိ ထိရောက်ခြင်းမရှိသေးကြောင်း မြေပြင်ကူညီရေးလုပ်နေသူများက တညီတညွတ်တည်း ဆိုသည်။ စစ်ကောင်စီထံက လုံးဝအကူညီမရသူ အများအပြားပင်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်ဖြစ်သည့် မိုခါထိခိုက်ပျက်စီးမှုတွင် လူ ၁၄၅ ဦးသေဆုံးပြီး ကျပ်ဘီလီယံ ၅၀၀ ကျော်ပျက်စီးသွားပေမယ့် ပြည်တွင်းအကူညီ စုစုပေါင်း ၁၉ သန်းဝန်းကျင်ပဲ ရသေးသည်ဟု ဆိုထားခြင်းကြောင့် စစ်ကောင်စီလုပ်ဆောင်မှုမှာ မုန်တိုင်းဒဏ်သင့်ဒေသနှင့် ပြည်သူများ ပြန်လည်ထူထောင်ရေး မဆိုထားနှင့် ကယ်ဆယ်ရေးပင် အလုပ်မဖြစ်ကြောင်း ISP ထုတ်ပြန်သည်။

အဆိုပါ နှိုင်းယှဉ်သုံးသပ်ချက် ရုပ်သံထုတ်ပြန်မှုကို Institute for Strategy and Policy-Myanmar(ISP) က ဇူလိုင်လ ၃၁ ရက်နေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တဖက်မှာတော့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်းတည်ထားသည့် မာရဝိဇယကျောက်ဆင်းတုအတွက် အလုပ်များနေသည်။ တည်ထားမှုပြီးစီးသလောက်ရှိနေသည့် ဆင်းတုတော်သို့ မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများကို ဖိတ်ခေါ်ကာ အလှူခံသည်။ 

ဇွန်လ ၂၉ ရက်နေ့ တရက်တည်းမှာပင် လုပ်ငန်းရှင် ၁၀၁ ဦးမှ ၁၆ ဘီလီယံ(ကျပ်ငွေ ၁၆၆၁၇၇ သန်း) လှူဒါန်းခဲ့ကြောင်း ဇွန်လထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဓါတ်ပုံများ အချက်အလက်များဖြင့် စာမျက်နှာ ၆ မျက်နှာခန့် ဝေဝေဆာဆာဖော်ပြသည်။

ထို့အတူ ဇူလိုင် ၂၃ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် မြန်မာ့ထိပ်တန်းလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ အလှူခံပြန်သည်။ အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဘီလီယံ(ငွေကျပ် ၁၇၄၁၅ သန်း) လှူဒါန်းခဲ့ကြပြန်သည်။ ထိုနေ့သည့် စစ်ကောင်စီခေါင်းဆောင်၏ ဆင်ဖြူတော် ၁ နှစ်ပြည့်မြောက်သောနေ့လည်း ဖြစ်သည်။ 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ဆင်းတုတော် တည်ဆောက်နေမှုနှင့်ပတ်သက်ပြီး ဘုရားအနေကဇာတင်ပွဲတွင် နိုင်ငံတကာမှ သံဃာတော်များပင့်ဖိတ်ပြီး နိုင်ငံတကာဆက်ဆံရေး ပြေလည်ကြောင်း ပြသချင်တာဖြစ်သလို ပြည်တွင်းသံဃာတွေကိုလည်း လှူဘွယ်ဝတ္ထုများဖြင့်ပင့်ပြီး သံဃာထုထောက်ခံမှု တည်ဆောက်တာဖြစ်နိုင်သလို နိုင်ငံတကာက ဘာသာရေးခုတုံးလုပ်မှန်း သိနေပြီးဖြစ်သည့်အတွက် စိတ်မဝင်စားကြသလို မအောင်မြင်နိုင်ဘူးဟု နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် ပြောရေးဆိုခွင့်ရ ဆရာတော်ဦးဣဿရိယ(ဦးဇင်းဂျောင်းဂျောင်း - ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင် ထင်ရှားသောဆရာတော်) က သုံးသပ်သည်။

“ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်လို့လုပ်ခြင်း မဟုတ်ပါ။ စောမောင်ကလွဲလို့(အချိန်မရလိုက်လို့)  ကျန်တဲ့စစ်ခေါင်းဆောင်တိုင်း ဘုရားတည်ပါတယ်။ ဘုရားကို ဗန်းပြပြီး ငွေရှာတာပါ။ ခရိုနီတွေအတော်လေး ပါသွားပါတယ်။ နောက်တခုက ဘုရားကု ကုတဲ့သဘောပါ။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာတဲ့သဘောပါ။ ဗေဒင်၊ ယတြာတွေလည်း ပါမယ်ထင်ပါတယ်။” ဟု ဦးဇင်းဂျောင်းဂျောင်းက မိန့်သည်။



"ဘာသာရေးခုတုံးလုပ်မှုနှင့် ဝါဒဖြန့်ယန္တရားတွေရဲ့လားရာ"

မြန်မာစစ်တပ်၏ အမုန်းစကားနှင့်ဝါဒဖြန်ချီမှု ( Military propaganda and hatespeech) ရှုထောင့်ဖြင့် ချဉ်းကပ်လေ့လာမှုစစ်တမ်းတခုကို မီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတခု (လုံခြုံရေးအရ အမည်ဖော်ပြနိုင်ခြင်းမရှိပါ)က ဇူလိုင်လလယ်တွင် လွတ်လပ်သော သတင်းမီဒီယာများကို ချပြခဲ့သည်။

ကာလတိုစောင့်ကြည့်မှုအဖြစ် စစ်ကောင်စီ၏ မြန့်မာအလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် မေလ တလလုံးဖော်ပြခဲ့သည့် သတင်းများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု စစ်တမ်းဖြစ်သည်။ 

စစ်တမ်းတွေ့ရှိချက်နှင့်ပတ်သက်ပြီး ယင်းအဖွဲ့၏တာဝန်ရှိသူ တဦးက “ပြည်သူလူထုသို့ အသိပေးလိုတာကတော့ မြန်မာနိုင်ငံမှာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကို ခြေကုတ်ယူပြီး စစ်ကောင်စီက ၎င်းတို့၏ သက်ဆိုးရှည်ရေးအတွက် အစဉ်အဆက်မပျက် ကြိုးစားနေတယ်ဆိုတာကို လေ့လာချက်မှာ အထင်အရှားတွေ့ရှိရတာ ဖြစ်ပါတယ်။” ဟု မြေလတ်အသံသတင်းဌာန၏ သီးသန့်မေးမြန်းမှုကို ဖြေဆိုသည်။

ထိုစစ်တမ်းတွင် စစ်ကောင်စီကဝါဒဖြန့်မှုပုံစုံ (၄)မျိုးကို တွေ့ရှိရပြီး စစ်ကောင်စီ၏ တည်ရှိမှုတရားဝင်မှုအတွက် ကြိုးစားပုံဖော်ခြင်း၊ စစ်ကောင်စီမှ ထုတ်ပြန်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ကာ ပြည်သူများကိုဖိအားပေး ခြိမ်းခြောက်ခြင်း၊ အမုန်းစကားလုံးများလှုံဆော်ကာ သတင်းမှားများဖြန်ဝေခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်နေသည့် အင်အားစုများကို စည်းရုံးရန်ကြိုးစားခြင်း၊ များဟုဆိုသည်။ 

စစ်တမ်းတွင် ပထမဆုံးပုံစံဝါဒဖြန့်ချီမှုပုံစံ စစ်ကောင်စီ၏ တည်ရှိမှုတရားဝင်မှုအတွက် ကြိုးစားပုံဖော်ခြင်း၊ သတင်းအပုဒ် ၈၆ ပုဒ်ဖြင့် အများဆုံးတွင် ရှိနေသည်

“စစ်ကောင်စီ၏ ဘာသာရေးကိုင်းရှိုင်းသယောင် လုပ်ဆောင်နေတာတွေသည် ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်လိုတာထက်၊ ၎င်းတို့၏ တည်ရှိမှုတရားဝင်မှုအတွက် ခုတုံးလုပ်နေတာသာလျှင် ဖြစ်တယ်ဆိုတာကို သိရှိနားလည်ရန် ထပ်ပြီး အသိပေးလိုပါတယ်။” ဟု စောင့်ကြည့်ရေးဖွဲ့တာဝန်ရှိသူက ထပ်မံဆိုသည်။

ထို့အတူ မြေလတ်အသံအနေဖြင့် မြန်မာ့အလင်းသတင်းစာကို သီးခြားစောင့်ကြည့်လေ့လာမှုတခု ပြုလုပ်ခဲ့ရာ ဇူလိုင်လ တလုံး မြန်မာ့အလင်းသတင်းစာ ဖော်ပြချက်များတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တည်ထားသော မာရဝိဇယဆင်းတုတော် သတင်းနှင့် ဘာသာရေး သတင်းများ အများဆုံးအဖြစ်ဖော်ပြထားသည်ကို တွေ့ရသည်။

မာရဝိဇယကျောက်ဆင်းတု သတင်းဖော်ပြချက် မျက်နှာဖုံးစာမျက်နှာခေါင်းကြီးပိုင်းနှင့် အတွင်းစာမျက်နှာ ၄ မျက်နှာခန့်တွင် ဓါတ်ပုံများဝေဝေဆာဆာဖော်ပြခဲ့သည်ကို ၉ ရက်တိတိတွေ့ရပြီး နေ့စဉ်ဆိုသလိုပင် အတွင်းစာမျက်နှာ သတင်းစဉ်အဖြစ် ဖော်ပြခဲ့သည်။

ထို့အတူ စစ်ကောင်စီဝါဒဖြန့်ရာ ရုပ်သံလိုင်းများ၊ ယူကျူ့ချန်နယ်များ၊ နှင့် တယ်လီဂရမ်ချန်နယ်များ တွင်လည်း မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာပါ သတင်းများကို ထပ်ကာထပ်ကာ ဆင့်ပွားဖော်ပြခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ဝါဒမှိုင်းနှင့် ဘာသာရေးခုတုံးလုပ်မှုများ ရှိမရှိကို မြန်မာနိုင်ငံ၏ ဘာသာရေးခေါင်းဆောင်အချို့ကို မြေလတ်အသံသတင်းဌာနအနေဖြင့် မေးမြန်းခဲ့ရာ ခေတ်အဆက်ဆက် စစ်အစိုးရများသည် ၎င်းတို့အာဏာတည်မြဲဖို့နှင့် သက်ဆိုးရှည်ဖို့အတွက် ဘာသာရေးကို ခုတုံးလုပ်ကာ အမုန်းစကားများဖြင့် ပြဿနာများကို အမြဲမီးမွှေးထားလေ့ရှိကြောင်းနှင့် လက်ရှိ စစ်ကောင်စီခေါင်းဆောင်သည်လည်း အဆိုပါလမ်းဟောင်းကိုပင် လိုက်နေသည်ဟု တညီတညွတ်တည်း ဖြေဆိုကြသည်။

“သူတို့အာဏာတည်မြဲဖို့ လူမျိုးကြီးဝါဒကို တိုက်ရိုက်သွားဖို့ ဗုဒ္ဓဘာသာဝင်တွေ ဗမာလူမျိုးဖြစ်ခြင်းကို အမျိုးဘာသာာသာသနာ တပေါင်းတစည်းထဲရောပြီး အုပ်ချုပ်မယ်ဆိုရင် သူတို့ သက်တမ်းပိုရှည်မယ်လို့ မြင်လို့ ဒါနဲ့မှိုင်းတိုက်ပြီး တောက်လျှောက်အုပ်ချုပ်လာတာ။ နောက်လည်း ဒီအတိုင်း သွားမှာပဲ။ သို့သော်လည်းဗုဒ္ဓဘာသာလူငယ်အများစုက ဒီသဘောတရားတွေကို သိထားပြီးပြီဆိုတော့ သူဒီအတိုင်းဆက်သွားလို့တော့ မရတော့ဘူးလို့ မြင်တယ်။” ဟု  ခရစ်ယာန်ဓမ္မကထိကဆရာတော် က ဆိုသည်။



"အကြီးဆုံးဘုရားဒကာ ဖြစ်ချင်သူနှင့် ဘာသာရေးဖိနှိပ်ခံရမှု အဆိုးဝါးဆုံးနှစ်တွေ"

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်းအရင် စစ်ခေါင်းဆောင်တွေဖြစ်သည့် ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ အရပ်သားအစိုးရ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တည်ထားခဲ့သည့် ဘုရားစေတီများထက် အရွယ်အစား၊ အကျယ်အဝန်း အကြီးဆုံး အကုန်အကျအများဆုံး မာရဝိဇယ ဘုရားကို တည်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က BBC မြန်မာပိုင်းမှာ “မာရဝိဇယ-စစ်ခေါင်းဆောင်တည်တဲ့ဘုရား ဘာတွေထူးခြားလဲ” ဆိုသည့် ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင် ဦးသန်းရွှေသည် မရဝိဇယဆင်းတုတော် မူလကုသိုလ်ရှင်များထဲတွင် ပါဝင်နေပြီး မကြာခဏလာလေ့ရှိကြောင်း ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်တော့ ယာယီသမ္မတဦးမြင့်ဆွေ၊ သမ္မတဟောင်းဦးသိန်းစိန်နှင့် အခြားသော တပ်ပိုင်းဆိုင်ရာခေါင်းဆောင်ဟောင်းများ လာရောက်ကြည့်ရှုခဲ့ကြပြန်သည်။

ဘုရားတည်ကျောင်းဆောက်ပြနေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏လုပ်ရပ်သည် သာသနာပြုမင်းကဲ့သို့ ပုံဖမ်းနေခြင်းသာဖြစ်ပြီး အောက်ခြေတွင် ပြည်သူလူထုတွေကို ကြက်ကလေးငှက်ကလေးကဲ့သို့ ဖမ်းဆီးသတ်ဖြတ်နေသည်ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင် တဦးဖြစ်သူ မော်လာနာ၊ ဟာဖွီးဇ်၊ ကာရီ ဦးစိုးနေဦး(BHRN) က ဆိုသည်။ 

“ဗုဒ္ဓဘာသာနိုင်ငံ ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီး ထုတယ်ဘာညာဆိုပြီး ခေတ်စကားနဲ့ပြောရင် ပြည်သူလူထုကို ဂျင်းထည့်တယ်။ ဗုဒ္ဓဘာသာကို ကာကွယ်တယ်၊ မြတ်နိုးတယ်လည်း ပြောသေးတယ် သူတို့အများဆုံးဗုံးကြဲနေတာ သူတို့အများဆုံး မီးရှို့ဖျက်ဆီးနေတာ ဗုဒ္ဓဘာသာရဲ့ အဆောက်အဦတွေပဲ ဖြစ်တယ်။” ဟု သူက ဆက်လက်ပြောသည်။

အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ၏ ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု အထူးစိုးရိမ်ရသည့်နိုင်ငံ Country of Particular Concern (CPC) စာရင်းတွင် ထိပ်ဆုံးကထည့်သွင်းဖော်ပြခဲ့သည်။

လက်ရှိစစ်ကောင်စီ အာဏာသိမ်းထားစဉ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် ဆိုးဝါးစွာကျဆင်းနေပြီး အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အတိုက်အခံအင်အားစုများ၊ လက်နက်ကိုင်တော်လှန်ရေး သမားများကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက လိုက်လံရှင်းလင်းတိုက်ခိုက်မှုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ အစ္စလာမ်ဘာသာရေးဝတ်ပြုရာဗလီ အဆောက်အဦများနှင့် သာသနိကအဆောက်အအုံများကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

“ကိုယ့်ဘက်ကသာ ဘာသာရေးအဆောက်အဦလို့ဆိုပေမယ့် စကစအမြင်က သူတို့စခန်းချရာ၊ ခံတပ်လုပ်ရာလို့ပဲ သဘောထားပါတယ်။ အရေးအကြောင်းရှိတိုင်း ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းကို တပ်စွဲတာ အားလုံးသတိထားမိကြမှာပါ။ သူတို့စိတ်နဲ့နှိုင်းပြီး ခံတပ်ကိုဖျက်ရမှာ၊ မီးရှို့ရမှာ ဝန်မလေးကြပါဘူး။” ဟု နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် ပြောရေးဆိုခွင့်ရ ဆရာတော်ဦးဣဿရိယ(ဦးဇင်းဂျောင်းဂျောင်း) က မိန့်သည်။

ဆက်လက်ပြီး “နောက်တခုက အကြောက်တရားပေါ့၊ ဘုရားတောင်လုပ်ရဲတာ ငါတို့ဆိုမလွယ်ဘူးလို့ စိတ်ထဲစွဲသွားအောင် ခြောက်တာပေါ့။ စစ်တပ်မှာအမိန့်ပဲရှိတယ်၊ ဘာသာတရားရိုသေတယ်ဆိုတာမရှိဘူး။” ဟု ဦးဇင်းဂျောင်းဂျောင်း က မိန့်သည်။


စစ်ကောင်စီစစ်ကြောင်းထိုး ဖျက်ဆီးမှုများထဲတွင် စစ်ကိုင်းတိုင်းအတွင်းမှ ဘုန်းတော်ကြီးကျောင်း အများဆုံးဖြစ်ပြီး ဘုရားစေတီ ပျက်ဆီးမှုများပြားခဲ့သည်။ ဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်ခိုလှုံနေကြသည့် ရွာသူ/ရွာသား စစ်ရှောင်များကိုလည်း ဖမ်းဆီးတာ၊ သတ်ဖြတ်တာ လူသားဒိုင်းများအဖြစ် အသုံးချတာတွေ ရှိခဲ့သည်။

ထို့အပြင် လက်ခံထားသည့် ဆရာတော်သံဃာတော်များကိုလည်း ရိုက်နှိက်နှိပ်စက်တာ၊ လူဝတ်လဲဖမ်းဆီးသွားတာမျိုးတွေ ပြုလုပ်လေ့ရှိကြောင်း မြေလတ်အသံသတင်းဌာန၏ မြေပြင်သတင်းထောက်များက သတင်းများရေးသားဖော်ပြခဲ့ကြသည်။ 

ထို့အတူ ဖျက်ဆီးခံခဲ့ရသည့် ဘာသာရေးအဆောက်အအုံများအနက် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ ဂျာမေ့အ်ဗလီဟာ ၂၀၂၂ ခုနှစ်မှာ မီးရှို့ခံလိုက်ရသည့်အတွက် ထိုနှစ်၏“အီဒုလ်အဿွာဟာ” (ကုရ်ဘာနီအီးဒ်)နေ့ ဘာသာရေးအခမ်းအနားကို ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

“ကျည်စုဗလီတွေ ဖျက်ဆီး၊ အင်ကြင်းမြိုင်ရွာက ဗလီတွေ ဖျက်ဆီးတယ်။ ကရင်နီက ဗလီဖျက်ဆီးတယ်။ တော်လှန်ရေးအစမှာပဲ အလုံက ဗလီကိုဖျက်ဆီးတာလုပ်ခဲ့တယ်။ တကယ်ပြန်ခြုံကြည့်မယ်ဆိုရင် ဖျက်ဆီးခံခဲ့ရတဲ့ သာသနိကအဆောက်အအုံတွေထဲမှာ အများဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆောက်အဦတွေကို အများဆုံးဖျက်ဆီးတယ်” ဟု မော်လာနာ၊ ဟာဖွီးဇ်၊ ကာရီ ဦးစိုးနေဦး(BHRN) က ဆိုသည်။

မီးရှို့ဖျက်ဆီးခံရသည့်အထဲတွင် ဒုတိယအများဆုံးမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ဖြစ်ပြီး ထန်တလန်မြို့တွင် အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကရင်နီ(ကယား)တွင်လည်း ခရစ်ယာန်ဘုရားကျောင်းအများအပြား မီးရှို့ခံရသလို လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပျက်စီးမှုများ ရှိနေသည်။

အထင်ရှားဖြစ်စဉ်တခုအဖြစ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်သည့် ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တို့တွင် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှစ်ပေါင်း ၁၂၉ နှစ်သက်တမ်းရှိတဲ့ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော မယ်တော်သခင်မ” ဘုရားကျောင်းတို့ ပျက်စီးခဲ့ရသည်။

“စစ်ကိုင်းတိုင်းထဲမှာမှ ဒီလို ဗုဒ္ဓဘာသာဝင်တွေရွာတွေ ဝန်းရံနေတဲ့ကြားထဲမှာ အခြားသောဘာသာဝင် ခရစ်ယာန်ရိုမန်ကက်သလစ်တွေ ရှိနေတာ၊ ဒီဘုရားကျောင်းဆိုရင် အရင်ကတည်းက ပေါ်တူဂီအနွယ်တွေရှိတယ် တကယ့်ဆုံးရှုံးမှုဖြစ်ပါတယ်။  ဘာသာရေးအရလည်း ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သလို နိုင်ငံအတွက်ကလည်း ဆုံးရှုံးမှုကြီးတွေ‌ဖြစ်ခဲ့တယ်” ဟု ခရစ်ယာန်ဓမ္မကထိကဆရာတော် က ဆိုသည်။

ဘာသာရေးအဆောက်အဦများ ဖျက်ဆီးမှုအပြင် အာဏာသိမ်းပြီးကတည်းက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဘာသာရေးခေါင်းဆောင် ၄၂ ဦးထိရှိကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) က ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။



"ဘုရားပွဲနှင့် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားပေမယ့် အရင်းပါရှုံးခဲ့သူ"

မာရဝိဇယကျောက်ဆင်းတုတော် အနေကဇာတင်အခမ်းအနား အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ်  တရားစွဲဆိုအမိန့်ချထားမှုများကို လျှော့ပေါ့ပေးခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံခြားသားများ၊ စစ်အာဏာသိမ်းမှုကိုနည်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသူ အနည်းငယ်နှင့် အခြားသော ရာဇဝတ်ပြစ်မှုအကျဉ်းသား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ 

သို့သော် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများက အသိအမှတ်မပြုခဲ့သလို စစ်အာဏာရှင်အမြစ်ပြတ်ရေးကိုသာ တစိုက်မတ်မတ်ကြိုးစားကြမည်ဟု အသံထွက်လာကြသည်။

ပြည်သူလူထုအကြား ထင်မှတ်မထားသည့် ဖြစ်ရပ်တခုသည် ထပ်မံဖြစ်ပွားခဲ့ပါသည်။ ဘုရားဖွင့်အပြီး နောက်တရက်တွင် စစ်ကောင်စီအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲလုပ်ကြောင်း အမိန့်ကြေညာစာများကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုအား ကျန်းမာရေးအရ အနားပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်သည် မြန်မာနိုင်ငံလူထုအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်ခဲ့ပြီး တချိန်တည်းဆိုသလို မာရဝိဇယကျောက်ဆင်းတုတော် ဖွင့်ပွဲနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် စစ်ကောင်စီဝါဒဖြန့် MRTV ရုပ်သံလှိုင်းမှ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲဆရာတော်) အား ရေစက်ချတရားဟောပေးရန် လျှောက်ထားချက်နှင့် ဆရာတော်၏ ရေစက်ချတရားတော်အကျဉ်းချုပ် ဟောပြောမှုရုပ်သံအတိုမှာ အင်တာနက်လူမှုကွန်ရက် မျိုးစုံတွင် ပျံ့နှံ့မှုနှင့် ပြန်လည်မျှဝေမှုအများဆုံးဖြစ်သည်။ 

ဒေါ်လာသန်း ၄၀ မျှအကုန်ချခံကာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် နေ့မအား ညမနားဖြင့် လူလုံးပြအလှူခံတည်ထားခဲ့သည့် နိုင်ငံရေး၊ ဘာသာရေး၊ ပြည်တွင်းပြည်ပ စည်းရုံးရေးများစွာ မျှော်လင့်ထားသော ဘာသာရေးမျက်နှာဖုံးအား ကျောက်မဲဆရာတော်၏ ရေစက်ချတရားတော်က ရိုက်ချိုးခဲ့သလို စစ်ကောင်စီ၏သရုပ်မှန်ကို ပြသရာရောက်ခဲ့သည့် ဟောကြားချက်သည် စစ်ခေါင်းဆောင်အား အရှိုက်ကို ထိုးနှက်သလို ဖြစ်ခဲ့ရသည်။

ဗုဒ္ဓဘုရားရှင်နည်းတူ ဘုရားရှင်အဆက်ဆက် ဟောပြောသွန်သွင်ဆုံးမခဲ့သည့် ဘာသာရေးအဓိက အချက် သုံးချက်ကို စစ်ကောင်စီခေါင်းဆောင်နှင့် အဖွဲ့ဝင်များ သိရှိစေရန် အနှစ်ချုပ် ဟောကြားခဲ့သည်။

ထိုအနှစ်ချုပ်တွင် ''ဗုဒ္ဓတရားတော်တွေဟာ လိုက်နာစရာအချက်တွေ (၃) ချက်ထဲပါ။ '' သဗ္ဗပါပဿ အကရဏံ(မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့)၊ ကုသလဿ ဥပသမ္ပဒါ(ကောင်းတဲ့အလုပ်ကိုလုပ်ပါ)၊ သစိတ္တ ပရိယောဒပနံ(မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ)" ဧတံ ဗုဒ္ဓါနသာသနံ ဘုရားရှင်အဆူဆူတို့ရဲ့ ဆုံးမသြဝါဒဖြစ်ပါတယ်’’ ဟု ကျောက်မဲဆရာတော်က မိန့်ကြားသည်။

ထိုတရားတော်အပြီး ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံထမ်းတခုဖြစ်သည့် သာဓုအနုမောဒနာ တရားတော်ရေစက်ချ ပြုဖွယ်ကိစ္စများဖြစ်သည့် သာဓုခေါ်ဆိုခြင်း၊ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးခြင်း၊ ရေစက်ခွက်ကို ရေစက်သွန်းချခြင်းအမှုများကို အခြားသောစစ်တပ်တာဝန်ရှိသူများက ပြုလုပ်ခဲ့ကြသော်လည်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က မလုပ်နိုင်ခဲ့တာကို ရုပ်သံများတွင် တွေ့ခဲ့ရသည်။

#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကောင်စီ #ဘာသာရေး #Analysis

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10