ညောင်ဦးမှာ အုပ်ချုပ်‌ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ညောင်ဦးမှာ အုပ်ချုပ်‌ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ ရေပေးဝေရေးရုံး (ပြည်သူ့ရေစင်ရုံး)အနီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၉ ရက်ညနေ ၆ နာရီခန့်မှာ တောပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုင်းကျော် ၅၆ နှစ် အပါအ၀င် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေချိန်မှာ ပစ်ခတ်ခံရတာလို့ဆိုပါတယ်။

"အဲ့ရုံးနားမှာရှိနေတာ ဘာလုပ်နေကြလဲဆိုတာတော့ မသိရဘူး။ သေနတ်နဲ့ပစ်ခံရလို့ အုပ်ကြီးနဲ့သူတပည့်တယောက်သေတယ်။ ပြည်သူစစ်အချို့ ဒဏ်ရာရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရပြီး အုပ်ချုပ်ရေးမှူး ဦးတိုင်းကျော်နဲ့ တပည့်ဖြစ်သူ သိန်းနိုင် ၄၀ နှစ်ဟာ နဖူး၊ မျက်နှာ၊ ရင်ဘတ်နဲ့ လက်တွေမှာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူစစ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးညွှန့်လှ ၆၉ နှစ်၊ ဦးသန့်ဇင် ၄၄ နှစ်တို့လည်း ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကို ဒေသခံတွေက ညောင်ဦးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ အုပ်ချုပ်ရေးမှူး တိုင်းကျော်ဟာ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးဖြစ်ပြီး  ကျေးရွာအတွင်း အတင်းအဓမ္မစစ်သား စုဆောင်းနေသူလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

ဒီပစ်ခတ်မှုကို ညောင်ဦးအခြေစိုက် ဒေသခံမဟာမိတ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့သိရပြီး လုပ်ဆောင်တဲ့အဖွဲ့‌တွေကတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ 

၂၀၂၃ ဇွန် ၂၃ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အုန္နဲချောင်းကျေးရွာအဝင် ညောင်ဦး-မြင်းခြံသွားလမ်းဘေးမှာ ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦး အသတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ် #ပဋိပက္ခ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10