တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ဝင်တိုက်၊ စစ်တပ်ဘက်က အကျအဆုံးများပြီး စခန်းကို ဘူဒိုဇာနဲ့ ရှင်းလင်းခဲ့

တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ဝင်တိုက်၊ စစ်တပ်ဘက်က အကျအဆုံးများပြီး စခန်းကို ဘူဒိုဇာနဲ့ ရှင်းလင်းခဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက စစ်ကောင်စီနဲ့ ရဲ ပူးပေါင်းအင်အား ၃၅ ယောက်ခန့်ရှိတဲ့ ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စခန်းတခုလုံးနီးပါး စီးနင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ  ၂၁ ရက် မနက် ၃ နာရီဝန်းကျင်မှာ ပစ်ခတ်မှုစတင်ခဲ့ကာ ၆ နာရီခွဲမှာတော့ စခန်းကို ဝင်စီးပြီး ဘန်ကာ ၆ ခုအနက် ဘန်ကာ ၅ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ ရဲစခန်းကိုလည်း ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးခဲ့နိုင်တယ်လို့ ဆိုပါတယ်။

“ဘန်ကာ နောက်ဆုံးတခု ကျန်တဲ့အနေအထားမှာ လေယာဉ်လာလိုက်တာ။ အပြီးသတ်တော့ ရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စခန်းကိုတော့ မီးရှို့ပြီး အကုန်လုံးကို ထိုးချခဲ့တယ်။ ရဲစခန်းကြီးတခုလုံးလည်း မရှိတော့ဘူး။ မီးလည်းရှို့တယ်၊ ဘူဒိုဇာနဲ့လည်း ထိုးချခဲ့တယ်။” လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ရွှေဘိုခရိုင် တပ်ရင်း ၇ က ရဲဘော်တဦး ရဲစခန်းတွင်း ကျဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီက ရသွားကာ စစ်ကောင်စီဘက်ကလည်း ၃၀ ကျော် သေဆုံးပြီး ၄ ယောက်ခန့်သာ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက် ချန်နယ်တွေမှာလည်း ကျဆုံးရဲဘော်ရဲ့ အလောင်းပုံကို သုံးကာ တန့်ဆည်တိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၆ ဦး ကျဆုံးတယ်လို့ သတင်းလွှင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ကံထူးမရွာကို ၁၅ ကြိမ်၊ ပကာရွာကို ၁ ကြိမ် စုစုပေါင်း ၁၆ ကြိမ် ဗုံးကျဲခဲ့ပြီး စစ်ကူတက်လာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ ဘီလူးစစ်ကြောင်းကလည်း Mi 35 ပစ်ကူနဲ့အတူ ညနေ ၃ နာရီမှာ ကံထူးမရဲစခန်းကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“နောက်ဆုံးလက်ကျန်တွေ အနေနဲ့ကလည်း ကျည်ကုန်ယမ်းကုန် အကုန် ဖြည့်ပြီး ခံပစ်နေတာ။ ဘန်ကာကလည်း အခိုင်မာဆောက်ထားတော့ ဖြိုလို့မလွယ်။ အဲ့လိုအနေထားမျိုးမှာ ဘီလူးစစ်ကြောင်းက ဆက်တိုက်ထိုးလာတာ၊ အဲ့စစ်ကြောင်းကို အနှောက်ယှက်မလုပ်နိုင်အောင်လည်း Mi 35တစီးက လိုက်ပစ်ကာပေးပြီး ဝင်တာ။”လို့ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေရှိပေမယ့် သတင်းမထုတ်ပြန်သေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကံထူးမရွာက အမျိုးသမီး ၂ ဦး ထိခိုက်ပြီး ကံထူးမမြောက်ဘက်မှာရှိတဲ့ ပကာရွာမှာလည်း  ပြည်သူ ၁၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ကာ တိုက်ပွဲတွေကြောင့် ကံထူးမ ပတ်လည်မှာရှိတဲ့ ရွာပေါင်း ၂၀ကျော် စစ်ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၇၊ ၈၊ ၁၀၊ ၁၆၊ တန့်ဆည်ပကဖနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့ #စစ်ကောင်စီ #တိုက်ပွဲ #ကံထူးမရဲစခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10