တန့်ဆည်မြို့ပေါ်ရပ်ကွက်တွေထဲမှာ ပျူထဲဝင်ကြဖို့စစ်ကောင်စီကလိုက်လံစည်းရုံး

တန့်ဆည်မြို့ပေါ်ရပ်ကွက်တွေထဲမှာ ပျူထဲဝင်ကြဖို့စစ်ကောင်စီကလိုက်လံစည်းရုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့က ပျူထဲဝင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၃၀ ရက်မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ တန့်ဆည်မြို့နယ် ဘောလုံးကွင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကရပ်ကွက်ထဲကလူတွေကို တအိမ်တယောက်မဖြစ်မနေတက်ရောက်ရမှာဖြစ်ကြောင်းနဲ့ တက်ရောက်ခဲ့တဲ့ဒေသခံတွေကိုလည်း “ကိုယ့်မြို့ကိုယ့်နယ်ကိုလက်နက်ကိုင်ပြီးကာကွယ်ချင်ကြလားလို့” မေးခွန်းတွေကိုမေးပြီးပျူထဲဝင်ဖို့လိုက်လံတိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက်မှာ စစ်တပ်ဖက်က အစည်းအဝေးလုပ်မယ်၊ တက်ဖို့တအိမ်တယောက်ခေါ်ပါတယ်အင်အား ၂၀ ခန့်ဝင်လာတယ်၊ ပြီးတော့လမ်းထိပ်ကားရပ်ပြီးတအိမ်ချင်းဝင်ပြီးအစည်းအဝေးဘယ်အချိန်စမယ်လာခဲ့ပါလိုက်ခေါ်တယ် သူတို့မှာဘယ်ရပ်ကွက်ဘယ်အိမ်မှာဘယ်သူတွေနေတယ် ဆိုတာစာရင်းရှိပါတယ်” လို့တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

တန့်ဆည်မြို့ပေါ်မှာ ပေါ်ဦးရပ်ကွက်၊ ဗိုလ်မြရပ်ကွက်၊ မေတ္တာမြိုင်ရပ်ကွက် နဲ့ မဟာမြိုင်ရပ်ကွက် ဆိုပြီး ရပ်ကွက်ကြီးလေးရပ်ကွက်ရှိကာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ဝန်ထမ်းအိမ်ယာအနီးက လျှပ်စစ်မီတာရုံးထဲမှာအခုလိုမျိုးစည်းရုံးပွဲကို ကျင်းပတယ်လို့သိရပါတယ်။

“တန့်ဆည်မြို့မှာက လေးရပ်ကွက်ရှိပါတယ်။ ရပ်ကွက်တိုင်းကိုလိုက်လံစည်းဝေးတာမို့လေးကြိမ်အနည်းဆုံးရှိပါတယ်။ ဒါပေမဲ့ဒီနေ့လုပ်တဲ့အစည်းဝေးက ရပ်ကွက်သီးသန့်မဟုတ်ပဲသူတို့ခေါ်ချင်တဲ့အပိုင်းကိုခေါ်တာဆိုတော့ ပြောဖို့ကလည်းခက်တယ်။ ဒီနေ့အစည်းအဝေးကတော့ကြောက်လို့တက်ရတာမို့ လူအနည်းငယ်တော့ရှိပါတယ်” လို့ အဆိုပါမြို့ခံကဆက်ပြောပါတယ်။

အစည်းအဝေးအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စည်းဝေးတက်ရောက်တဲ့ပြည်သူတွေကို ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲခြောက်တထုပ်ကိုပေးလိုက်တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့ထဲမှာ ရပ်ကွက်နာမည်တွေသာကွဲပြီး ရပ်ကွက်ဖွဲ့စည်းပုံကတော့ မြို့လယ်လမ်းမကြီးနဲ့ထားတာကြောင့် လမ်းဘေးဝဲရာကလူတွေကိုခေါ်ရင် ရပ်ကွက် ၂ ခုလုံးပါသွားတယ်လို့ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10