တန့်ဆည်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းကြဲလို့ ကိုရင်ကြီး ၁ ပါးအပါ ၄ ဦး ဒဏ်ရာရ

တန့်ဆည်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းကြဲလို့ ကိုရင်ကြီး ၁ ပါးအပါ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တွေးတီရွာနဲ့ အင်းရွာကြားမှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

မတ် ၁၇ ရက် မနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က တွေးတီရွာနဲ့ အင်းရွာကြားကို ဗုံးကြဲခဲ့လို့ ကား ၂ စီး ထိမှန်ကာ တစီးက မီးလောင်ခဲ့ပြီး ကားဆရာတဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဆိုပါတယ်။

မွန်လွဲ ၃ နာရီကျော်မှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုအဖြစ် အင်းရွာအနောက်ဘက်ကို ဗုံးကြဲခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်မှာ အင်းရွာဘုန်းကြီးကျောင်းကို တတိယအကြိမ် လေကြောင်းကြဲခဲ့တယ်လို့ သိရပါတယ်။

“ပထမအစီး ပစ်တာက တယောက်ထိတယ်၊ ဒုတိယတစီးက မိနစ် ၂၀လောက်ပဲ ကွာတယ်။ တက်လာပြီး ဘုန်းကြီးကျောင်းမှာချသွားတယ်။ ” လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။

အင်းရွာထဲ ဗုံးကြဲချိန် ဘုန်းကြီးကျောင်းမှာရှိတဲ့ ကိုရင်ကြီးတပါး မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ဒဏ်ရာ၊ အင်းရွာသား ဦးထွန်းဝေ ခြေထောက် ၂ ဖက်ပြတ်ဒဏ်ရာတွေရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကာ နောက်ထပ်ရွာသားတဦးဖြစ်တဲ့ ကိုဝင်းနိုင်လည်း ခြေထောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် ညနေ ၄ နာရီကျော်လောက်ကလည်း ကျွန်းလှမြို့နယ်၊ ရွာကိုးကြီးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းတိုက်ခိုက်ခံရစဉ် စစ်တပ်ကလေကြောင်းပစ်ကူပေးနေသည့် Mi 35 ရဟတ်ယာဉ်တစီး။ (ပုံဟောင်း)

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့နယ် #တွေးတီရွာ #အင်းရွာ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10