တပ်စခန်းမီးရှို့ခံရပေမယ့် တော်လှန်ရေးကို ရှေ့ဆက်နေဦးမယ့် ဆိပ်ဖြူဘာမထီ (သတင်းဆောင်းပါး)

တပ်စခန်းမီးရှို့ခံရပေမယ့် တော်လှန်ရေးကို ရှေ့ဆက်နေဦးမယ့် ဆိပ်ဖြူဘာမထီ (သတင်းဆောင်းပါး)

စစ်အာဏာရှင်ကို ၂ နှစ်ကျော်ကာလကြာမျှ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ စခန်းဟာ စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းရဲ့ မီရှို့ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ တပ်ဖွဲ့မှ ရဲဘော် ၂ ဦးအဖမ်းခံလိုက်ရပြီးနောက်မှာပဲ ဆိပ်ဖြူဘာမထီစခန်းဟာ အခုလို စီးနင်းခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။ 

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီတပ်စခန်းကို ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီ အချိန်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

မနက်ပိုင်းမှာ ရုတ်တရက်ကြီး ဝင်လာတာဖြစ်လို့ “ဘာပစ္စည်းမှတောင် မယူလိုက်နိုင်ဘူး” လို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာစဉ် ထွက်ပြေးခဲ့ရတဲ့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ပြောသည်။ 

ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။
ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။

ဆိပ်ဖြူဘာမထီတပ်ဖွဲ့ကို ၂၀၂၁ ဒီဇင်ဘာလထဲမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့် တဲ့ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီစစ်ကြောင်းရဲ့ ရုတ်တရက် တိုက်ခိုက်တာကို ခံလိုက်ရတာပါ။  

စစ်ကောင်စီလက်အောက်ခံတပ် အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)မှ တပ်ဖွဲ့အင်အား ၆၀ နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။  

“ပထမဆုံးစခန်းဝင်စီးခံရတာဆိုတော့ စိတ်လည်းတိုတယ်။ စိတ်လည်းမကောင်းဖြစ်တယ်။ ကျနော်တို့ပေါ့ဆတာလည်း ပါတာပေါ့။” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။
ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။

ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းတခုလည်းဖြစ်ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာ အလှူရှင်တွေမရှိတာကြောင့် တပ်ဖွဲ့ထူထောင်သူက  သူ့ရဲ့ ကိုယ်ပိုင်ကားတစီးကို ရောင်းချပြီး ဒီတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ကို ထူထောင်ခဲ့တာပါ။ 

တပ်ဖွဲ့ရဲ့ အဓိက စစ်ဆင်ရေးဟာ စစ်ကောင်စီ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ တပ်ဖွဲ့ စတင်ချိန်ကနေ အခုအထိ ထိတွေ့ပစ်ခတ်မှုနဲ့ မိုင်းဆွဲတိုက်ခိုက်မှုဟာ အကြိမ်ရေ ၄၀ ဝန်းကျင်အထိရှိခဲ့ပါပြီ။  

“ပထမဆုံးတိုက်ပွဲက ဆောမြို့တိုက်ပွဲ၊ အဲ့ကနေ လောင်းရှည်၊ ပေါက်နယ် ကိုင်းလယ်ရဲစခန်း၊ ကပစ ၂၁ ကို လက်နက်ကြီးနဲ့ သွားပစ်တယ်။ ကျန်တာကတော့ မိုင်းဆွဲတာတွေပဲ ပိုလုပ်ခဲ့တယ်” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

တပ်ဖွဲ့တည်ထောင်လိုက်ပြီး လက်နက်ခဲယမ်းတွေကိုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့ပေးသလို ရိက္ခာပိုင်းကိုလည်းထောက်ပံ့ပေးတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ စခန်းထဲမှာလည်း လူအင်အားများလာတာကြောင့် တပ်ဖွဲ့ရဲ့ စားနပ်ရိက္ခာအတွက် စစ်အာဏာရှင်တော်လှန်ရေးထောက်ခံအားပေးတဲ့ ထောက်ပို့ပြည်သူတွေကိုသာ ပိုမိုအားကိုးနေရတယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့က ပြောပါတယ်။ 

ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။
ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။

စခန်းဝင်စီးခံရမယ့် မနက်မှာ စခန်းထဲက ရဲဘော် ၂ ဦးဖြစ်တဲ့ ရဲဘော် စပါးကြီးနဲ့ ရဲဘော် အောင်ကြီး (နာမည်လွှဲ) ဟာ ရွာသားတချို့နဲ့ တောထဲမှာ ထင်းရှာထွက်ခဲ့ကြပါတယ်။ 

အရင်က သူတို့ဟာ စခန်းအတွက် ထင်ရှာသွားတဲ့အခါ စခန်းအနီးဝန်းကျင်မှာသာ သွားရောက်ခဲ့ကြပေမယ့် အဲဒီနေ့ကတော့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ ကင်းစခန်းကိုကျော်ကာ စစ်ကောင်စီရဲ့ အမှတ် (၉) လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးဝန်းကျင်ထိ ရောက်သွားခဲ့ပါတယ်။ 

ဒီအခါမှာ ထင်းရှာနေတဲ့ ရဲဘော် ၂ ဦးနဲ့ ဒေသခံတချို့ဟာ စစ်ကောင်စီစစ်ကြောင်းရဲ့ ကင်းပုန်းနဲ့ တည့်တည့်တိုးပြီး အဖမ်းခံ လိုက်ရပါတော့တယ်။ 

“လေကြောင်းရန်တပ် နောက်ကျောနဲ့ နီးတဲ့နေရာမှာ ထင်းသွားခွေလိုက်တာ။ အဲ့အချိန်မှာ ဟိုဘက်က အသံကြားပြီး သူတို့ (စစ်ကောင်စီ)နောက်ပေါက်ကနေ ထွက်တဲ့အချိန်အဖမ်းခံလိုက်ရတာ။ ဘာလို့အဲဒီနေရာအထိကို ထင်သွားခွေလဲတော့မသိဘူး” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးထားတဲ့ ရဲဘော် ၂ ဦးနဲ့အတူ ရွာသား ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်လာပြီး ဆိပ်ဖြူဘာမထီ တပ်စခန်းရှိရာကို လိုက်ပြခိုင်းခဲ့ရာကနေ အခုလို မီးရှို့ခံလိုက်ရတာပါ။ 

ဆိပ်ဖြူဘာမထီတပ်ဖွဲ့တွေအားလုံး စခန်းကနေ ဆုတ်ခွာသွားတဲ့အချိန်မှာ စစ်တပ်ဟာ စခန်းထဲက တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ပြီးတော့ စခန်းထဲမှာရှိတဲ့ မိုင်း၊ ဆိုင်ကယ် ၂ စီး၊ စားသောက်ကုန်တွေကိုလည်း  မီးရှို့ဖျက်ဆီးသွားသလို လက်လုပ်ပစ္စတို ၁ လက်ကိုလည်း ရရှိသွားခဲ့တယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

ဒါ့အပြင် တောထဲက ဖမ်းမိလာတဲ့ ရဲဘော် ၂ ဦးကို စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးတဲ့နောက် မီးရှို့သတ်ဖြတ်လိုက်ကြပါတယ်။ ကျန်တဲ့ရွာသား ၆ ဦးကိုတော့ ဓားစားခံအဖြစ် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

ပုံစာ - မီးရှို့သတ်ဖြတ်ခံလိုက်ရသည့် ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး။
ပုံစာ - မီးရှို့သတ်ဖြတ်ခံလိုက်ရသည့် ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး။

စခန်းကနေပြန်ထွက်သွားချိန် ကျစ်ပြင်ရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရွာသား ၆ ဦးကိုခေါ်ဆောင်ပြီး လစခ ၉ ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။ 

အဲ့ဒီနောက်မှာတော့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တွေဟာ စခန်းဆီကို ပြန်လာပြီး ရှင်းလင်းရေးတွေ လုပ်ခဲ့ကြပါတယ်။ မီးရှို့အသတ်ခံလိုက်ရတဲ့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း အဲ့ဒီနေ့ ညနေမှာပဲ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။ 

“မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် ၂ ဦးက စခန်းထဲမှာ အားကိုးရတယ်။ အသက် ၂၅ နှစ်အရွယ် လူငယ်လေးတွေပဲ။ အဲ့ဒီထဲက ရဲဘော်အောင်ကြီးက  အိမ်ထောင်ကျထားတာ မကြာသေးဘူး” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

ရဲဘော် ၂ ဦးဟာ မီးရှို့အသတ်ခံလိုက်ရတဲ့အတွက် ရုပ်အလောင်းတွေဟာ မမှတ်မိလောက်အောင်ကို ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တွေရဲ့  စားနပ်ရိက္ခာဖြစ်တဲ့ စပါးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။
ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဘာမထီစခန်း။

အခုလို စခန်းစီးနင်းမီးရှို့ခံလိုက်ရတဲ့အတွက် ကျပ်သိန်း ၁၃၀ ကျော်ဖိုးလောက် ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ဆိပ်ဖြူဘာမထီအဖွဲ့ဟာ တပ်စခန်းနေရာကို ပြောင်းရွှေ့ထားပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းပြီး စခန်းပြန်လည်တည်ဆောက်ဖို့အတွက် ထောက်ပို့အဖွဲ့တွေထံကို အကူအညီတောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ ဘာမထီအဖွဲ့မှ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၂ ရက်ကလည်း ဆိပ်ဖြူမြို့အနောက်ပိုင်း ဆောမြို့နယ်စပ်ဘက်ကို နယ်မြေကင်းလှည့်ဖို့ သွားတဲ့ ဆိပ်ဖြူဘာမထီအဖွဲ့တည်ထောင်သူ ဘာမထီ ဦးမြင့်နိုင်အပါအဝင် တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ဟာ စစ်ကောင်စီရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရတဲ့အတွက် ကျဆုံးသွားခဲ့ပါသေးတယ်။ 

“အဲဒီကျဆုံးသွားတဲ့ သူတွေထဲမှာ ကြင်စဦး ဇနီးမောင်နှံ ၂ ဦးလည်းပါသွားတယ်” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်လာတဲ့ကာလအတွင်းမှာ အသက်ပေးသွားရတဲ့ တပ်ဖွဲ့ဝင်တွေရှိကြသလို စိတ်ပင်ပန်းမှုအမျိုးမျိုး၊ အသက်အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် “ ရှေ့ဆက်ပြီးတော့ လျှောက်လှမ်း သွားမှာပါ” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #ဆိပ်ဖြူဘာမထီ #တော်လှန်ရေး #သတင်းဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10