တမူးနဲ့ ကလေးမြို့က ရဲစခန်းနဲ့ စစ်တပ်စခန်းတချို့ တပြိုင်တည်းတိုက်ခိုက်ခံရ

တမူးနဲ့ ကလေးမြို့က ရဲစခန်းနဲ့ စစ်တပ်စခန်းတချို့ တပြိုင်တည်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ကလေးမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ စစ်တပ်အထိုင်စခန်းတချို့ကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၃ ရက် ဒီကနေ့မနက် ၄ နာရီက တမူးမြို့နယ်၊ ခမ်းပတ်မြို့မရဲစခန်း၊ ဝိတုတ်ရွာ စစ်တပ်စခန်း၊ ကလေးမြို့ မြောက်ပိုင်း ရာဇဂြိုလ်အကျဉ်းစခန်းနဲ့ ကလေးမြို့တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းတို့ကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

“ခမ်းပတ်ရဲစခန်းက အရင်ကလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ ခုမှသိမ်းနိုင်တာ၊ မြောက်စည်းရဲစခန်းက ခဏ ခဏပစ်တယ်။ မရဘူး၊ ခုမှရတာ၊ ရာဇဂြိုလ်က ရဲနဲ့ **တွေထိုင်တာ အကျဉ်းထောင်၊ ဝိတုတ်က **တပ်စခန်း၊ ကလေး-တမူး ကားလမ်းဘေး ပေလမ်းဘယ်ညာတောင်ရိုးပေါ်မှာရှိတာ”လို့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

အခုလက်ရှိ စခန်းတချို့ကို သိမ်းဆည်းထားနိုင်ပြီး တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ပျူစောထီးအထိုင်ဂိတ်တချို့ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတချို့သုံးခဲ့ပြီး မနက် ၉ နာရီ ဝန်းကျင်က တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကလေးမြောက်ပိုင်း ရာဇဂြိုလ်စခန်း တိုက်ပွဲကို ဗုံးသီး ၄လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။ 

ဒီကနေ့ မနက်အစောပိုင်းကစလို့ ကလေး၊ တမူး၊ ဂန့်ဂေါ၊ ကန့်ဘလူ၊ ကောလင်း မြို့နယ်မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းနဲ့ ရဲစခန်းတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ကလေး #ကာကွယ်ရေးတပ် #စစ်ကောင်စီတပ်စခန်း #တိုက်ခိုက်သိမ်းပိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10