တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဆားထုံးရွာကို မီးဝင်ရှို့

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဆားထုံးရွာကို မီးဝင်ရှို့

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာက နေအိမ် ၈ လုံးနဲ့ တဲ ၁ လုံးကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆားလင်ကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။ 

ဆားလင်းကြီးမြို့ပေါ်ကနေ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ဒီမနက် ၈ နာရီခွဲလောက်မှာရွာထဲကို ဝင်လာပြီး ရွာအရှေ့ဘက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဆားထုံးကျေးရွာဟာ ဆားလင်းကြီးမြို့နဲ့ မိုင်ဝက်နီးပါးလောက်မှာတည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။ 

ခုလိုဝင်ရောက်မရှို့ခင် အဲ့ဒီစစ်ကြောင်းဟာ ဆားထုံးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်သားသေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှ ဆားထုံးကျေးရွာထဲကို စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ကြတာပါ။ 

“ကျနော်တို့ကြားတာကတော့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြတယ်။ **တွေဘက်က အကျအဆုံးရှိတော့ ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့တော့တာပဲ။ ရွာသားတွေက ကြိုရှောင်ထားတော့ ဖမ်းဆီးခံရတာမျိုးတွေ မရှိဘူး” လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကြောင်းကတော့ ရွာကိုမီးရှို့ပြီး နေ့လယ် ၁ နာရီခွဲလောက်မှာ ဆားလင်းကြီးမြို့ဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်ကလည်း ဆားထုံးရွာက နေအိမ် ၂၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး အသက် ၈၀ ကျော်အရွယ် အဘွားအို ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။ 

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ သြဂုတ်လအထိ စစ်ကိုင်းတိုင်းထဲက နေအိမ်အဆောက်အဦ (ဘာသာရေးအဆောက်အအုံအပါအဝင်) ၆၂,၂၉၄ လုံးကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ဆားတောင် #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10