တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး

တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းနဲ့ ကလေးမြို့တဝိုက်မှာ စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် မြို့တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အမြန်ဆုံး မြို့ကနေထွက်ခွာရှောင်တိမ်းကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက တိုက်ပွဲတွေစတင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကျေးရွာစခန်းတချို့ သိမ်းထားနိုင်ကာ ၂ ဖက်ကျဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“အဲ့ဒါက တရားဝင်ထုတ်ပြန်မှုပါ၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ နောက်မဆုတ်တန်း တိုက်ခိုက်တော့မှာဖြစ်လို့ လူသားဒိုင်းကာမယ့် စကစရဲ့လုပ်ရပ်၊ လက်နက်ကြီးငယ်နဲ့ ရမ်းသမ်း ပစ်ခတ်လို့ ပြည်သူတွေ အထိခိုက်မရှိလေအောင် ကြိုတင်သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။”လို့ အမည်မဖော်လိုတဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ကလေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ကို တိုက်တွန်းထားပါတယ်။

ကလေးမြို့ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိရာ မြို့တမြို့ဖြစ်ပြီး မြို့တောင်ဘက်မှာ ဂန့်ဂေါ-မုံရွာ ယာကြီးလမ်း၊ ပုံတောင်ပုံညာလမ်းတို့ရှိကာ မြို့ကြီးတွေထိ သွားလာလို့ရပါတယ်။

မြို့မြောက်ဘက်မှာ မဟာမြိုင်လမ်းကတဆင့် ရေဦး၊ တန့်ဆည်၊ ရွှေဘို၊ မုံရွာ၊ မန္တလေးထိ သွားလာလို့ရကာ၊ မြို့အနောက်ဘက်လမ်းကတော့ ထန်တလန်၊ ဟားခါး၊ ဖလန်း၊ ရိကောဒါကတဆင့် အိန္ဒိယနယ်စပ်ထိ သွားလာလို့ရသလို၊ မြို့အနောက် မြောက်လမ်းမှာဆိုရင်လည်း တမူးကတဆင့် အိန္ဒိယနယ်စပ်ထိ လမ်းပေါက်တာလည်း ဖြစ်ပါတယ်။

 “ကလေးမြို့တည်ဆောက်ပုံက နေရာယူထားတာ တအားကောင်းတာ၊ နယ်စပ်ဒေသရဲ့ ထွက်ပေါက်မို့လည်း အရင်ထဲကသေချာကာထားတာ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိတဲ့မြို့ ဖြစ်လို့ အစွမ်းကုန်ကာကွယ်ဖို့ ကြိုးစားမှာပဲ။ ဒီမြို့ရသွားရင် ချင်းပြည်နယ်က Auto လွတ်မြောက်သွားမှာ။ စစ်တပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်ပြီး ဖြတ်တောက်ပို့ အကောင်းဆုံးနေရာလည်းဖြစ်တယ်။ ဒီနေရာကို လွယ်လွယ်နဲ့အဆုံးရှုံးခံမှာ မဟုတ်ဘူး။”လို့ ရဲဘော်တဦးက ပြောပါတယ်။

ကလေးမြို့ မြို့လည်ခေါင်မှာ လေဆိပ်ရှိပြီး ဘေးပတ်လည်မှာ ဒကစ၊ ထောက်ပို့တပ်၊ ခရိုင်ရဲစခန်းတို့ တည်ရှိကာ မြို့အရှေ့ဘက်မှာ နယ်မြေရဲစခန်းတခု၊ အနောက်ဘက်မှာ နယ်မြေရဲစခန်းတခု၊ မြောက်ဘက်မှာ ၅ မိုင်နီးပါးရှည်လျားတဲ့ စစ်ကောင်စီအဆောက်ဦး တန်းလျားတွေ တည်ရှိတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြို့တွင်းမှာရှိတဲ့ တပ်စခန်းနေရာတွေကို ကာကွယ်ဖို့အတွက် မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ကျေးရွာတွေမှာ အထိုင်ချတပ်စွဲပြီး ဇင်းကလင်း၊ ချင်းဆိုင်၊ သာစည်၊ မြို့လှ၊ အင်တိုင်းကုန်း၊ စက္ကန့်၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ ဒိုးဝိုင်းချောင်း၊ တောင်အူ၊ ပျဉ်သာ၊ နည်းပညာတက္ကသိုလ် စတဲ့ ကျေးရွာ ရပ်ကွက်တွေမှာ တပ်စခန်းပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ကနေ ဒီကနေ့ထိ ၇ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများသလို ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ၆ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။

ပုံစာ -၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က သိမ်းပိုက်နိုင်ခဲ့တဲ့ ကလေးမြို့နယ်၊ မြောက်စည်းရဲစခန်းကို တွေ့ရစဉ်။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေးမြို့တိုက်ပွဲ #တိမ်းရှောင် #ဒေသခံ #ကလေးခရိုင် #သတိပေးစာထုတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10