တောင်ငူမှာ စစ်ကောင်စီတပ်သား ၂ ဦး အဖမ်းခံရလို့ ရွာ ၂ ရွာကို မီးရှို့၊ ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးနေရ

တောင်ငူမှာ စစ်ကောင်စီတပ်သား ၂ ဦး အဖမ်းခံရလို့ ရွာ ၂ ရွာကို မီးရှို့၊ ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းဆီးခံရပြီးနောက် စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာ ၂ ရွာကို မီးရှို့ခဲ့တာကြောင့် ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က တောင်ငူ-သံတောင်လမ်းမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးက မိသားစုတွေရှိတဲ့ ရှမ်းပြုံးချောင်းကျေးရွာကိုအလည်ရောက်နေချိန် စက်တင်ဘာ ၁၃ ရက်မှာ နယ်မြေခံတော်လှန်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"စကစ ၂ ယောက်က ရွာကိုအလည်လာတယ်ဆိုပြီးတော့ တော်လှန်ရေးစခန်းတွေရဲ့နေရာကို သတင်းထောက်နေကြလို့ အဖမ်းခံရတာ" လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းဆီးခံရတဲ့ စက်တင်ဘာ ၁၃ ရက်မှာ ခလရ ၃၉ မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်က ရှမ်းပြုံးချောင်းနဲ့ ကယားပြုံးချောင်းကျေးရွာကို ဝင်ရောက်ကာ ညအိပ်ပြီး နောက်နေ့ ၁၄ ရက်မနက်မှာ မီးစတင်ရှို့ခဲ့တာကြောင့် ရှမ်းပြုံးချောင်က လူနေအိမ် ၄ လုံးနဲ့ စပါးကျီ ၃လုံး၊ ကယားပြုံးချောင်းက နေအိမ် ၇ လုံးတို့ ပျက်စီးခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

"အခုက အားလုံး(ထွက်ပြေးလာသူတွေ)ခက်ခဲတယ်။ တချို့ရောက်လာတာက အဝတ်တထုတ်နဲ့ပဲ။ ဘာမှပါမလာဘူး" လို့ သူက ဆိုပါတယ်။ 

စစ်ကောင်စီတပ်က အခုလို မီးရှို့တာကြောင့် ရှမ်းပြုံးချောင်း၊ ကယားပြုံးချောင်း၊ ရေဆင်းကုန်း၊ အရှေ့ရွာ၊ အနောက်ရွာတွေက ဒေသခံ ၂ ထောင်ခန့်ဟာ ဘေးလွတ်ရာနေရာတွေဆီကို အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးနေရတာဟာ စက်တင်ဘာ ၁၉ ရက် ဒီနေ့အထိ ရှိနေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်းတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - မီးရှို့ခံလိုက်ရသည့် ရှမ်းပြုံးချောင်းနှင့် ကယားပြုံးချောင်းမှ နေအိမ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့နယ် #စစ်ကောင်စီ #စစ်ရှောင် #ရှမ်းပြုံးချောင်း #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10