တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ တိုက်လေယာဉ်ကို ထိမှန်ခဲ့တယ် Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ် ၁၄ ရက် ည ၈ နာရီကျော်လောက်မှာ တောင်ငူလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးမှာ လေတပ်စခန်းအတွင်းကျရောက်ပေါက်ကွဲသွားပြီး ကျန် ၂ လုံးမှာတော့ ပစ္စည်းချွတ်ယွင်းမှုဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

"၅ လုံးပစ်ခတ်တာ ၃ လုံးအောင်တယ်။ ၁ လုံးက လေယာဉ်ကိုထိတယ်။ နောက် ၁ လုံးက လက်နက်တပ် ဆင်ရုံကိုထိတယ်၊ နောက် ၁ လုံးက လေယာဉ်သိုလှောင်ရုံနဲ့ မလှမ်းမကမ်းကိုကျတယ်လို့ သိရပါတယ်" လို့ BWMအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တိုက်လေယာဉ် ၂ စီးကို ထိမှန်ခဲ့တယ်လို့ သတင်းရရှိထားပေမယ့်အသေးစိတ်အတိအကျသိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ယင်းလေတပ်ကို ပစ်ခတ်နိုင်ဖို့ လပေါင်းများစွာအချိန်ယူခဲ့ကြောင်း နဲ့ BWM အဖွဲ့အနေနဲ့ တောင်ငူလေတပ်စခန်း ကိုသွားရောက်ပစ်ခတ်တာ ပထမအကြိမ်သာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

" အချိန်ကာလအနေနဲ့ကတော့ လနဲ့ချီပြီး ယူခဲ့ရပါတယ်။ ကျနော်တို့ တောင်ငူလေဆိပ်ကိုတိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အရင်ကတော့ မင်္ဂလာဒုံလေတပ်၊ မှော်ဘီလေတပ်၊ နေပြည်တော်ဧလာလေဆိပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်တို့ကိုတော့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်" လို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တိုက်ခိုက်မှုကို မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်တာမျိုးတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကိုသာမက၊ ကလေးသူငယ်ပါမကျန် ပြည်သူလူထုကိုပါ လေကြောင်းနဲ့အသာစီးယူပြီး သတ်ဖြတ်နေတာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်သမျှ တားဆီးချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း BWMအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)နဲ့ Mountain Knights Civilian Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

Brave Warriors for Myanmar (BWM) အဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီ ၄၉ မိနစ်‌လောက်ကလည်း မန္တလေးတံတားဦးလေတပ်ကို ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#တောင်ငူလေဆိပ် #ရှော့တိုက်ဒုံး #BraveWarriorsforMyanmar #BWM #လေဆိပ် #MountainKnightsCivilianDefenseForce

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10