တောင်တွင်းကြီးက ရာအိမ်မှူး ၃ ဦး ရဲစခန်းအနီးမှာ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

တောင်တွင်းကြီးက ရာအိမ်မှူး ၃ ဦး ရဲစခန်းအနီးမှာ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာနယ်မြေရဲစခန်းအနီးမှာ ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဆိုပါရာအိမ်မှူးတွေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ဧပြီ ၂၀ ရက်ညနေ ၅ နာရီခန့်က ရဲစခန်းရှေ့ အောင်မင်္ဂလာကန်မှာ ကန်ပက်ငါးဖမ်းနေရာကိုကြည့်နေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ 

"ဖြစ်တဲ့နေရာက ရဲစခန်းရှေ့မျက်နှာချင်းဆိုင်လို့တောင် ပြောလို့ရတယ်။ သူတို့ကိုပဲရွေးပြီး ခေါင်းချည်းပဲ ပစ်ခတ်သွားတာ။ နေရာမှာပဲ နှစ်ယောက်သေသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဆတ်သွားရွာရာအိမ်မှူးတွေဖြစ်တဲ့ ဦးခင်မောင်အေး ၆၅ နှစ်၊ ဦးသန်းဌေး ၅၂ နှစ်တို့မှာ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးသွားပြီး ရာအိမ်မှူး ဦးဟန်ဦးခိုင် ၄၂ နှစ်မှာတော့ ပါးနဲ့ဂုတ်ပိုးမှာ ကျည်ထိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  

ရဲစခန်းရှေ့မှာတင် ပစ်ခတ်မှုဖြစ်သွားပေမယ့် ရဲတွေက ချက်ချင်းထွက်လာစစ်ဆေးတာမရှိဘဲ မိနစ် ၂၀ လောက်ကြာမှ လာရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူတွေရဲ့အလောင်းကိုတော့ တောင်တွင်းကြီးဆေးရုံကိုသယ်သွားပြီး ဒဏ်ရာရသူကိုတော့ နေပြည်တော်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဧပြီ ၁၈ ရက် မနက်ပိုင်းကလည်း တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ သုသာန်မှာ တရားပွဲလုပ်နေချိန် ပစ်ခတ်ခံရလို့ သံဃာ ၁ ပါးပျံလွန်တော်မူပြီး ၁ ပါး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #တောင်တွင်းကြီး #ဆတ်သွားကျေးရွာ #ပစ်ခတ်ခံရ #ရာအိမ်မှူး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10