တောင်သာနဲ့နွားထိုးကြီးက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

တောင်သာနဲ့နွားထိုးကြီးက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

မန္တလေးတိုင်း၊ တောင်သာမြိုနဲ့ နွားထိုးကြီးမြို့နယ်က စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီ ၈ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီကျော်မှာ တောင်သာမြို့နဲ့ ၄ မိုင်အကွာရှိ နတ်စောင့်လျှပ်စစ်ခွဲရုံမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၂၀ ခန့်ထဲက ၈ ဦးနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"၂ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရတာကို ကျနော်တို့မျက်မြင်တွေ့ခဲ့ရတာ။ လျှပ်တပြက် တိုက်ခိုက်ရတာဖြစ်လို့ သေနတ်တွေမယူနိုင်ဘဲ ပြန်ဆုတ်လာခဲ့ရတယ်"လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုမြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အလားတူ ဇန်နဝါရီ ၈ ရက် မနက် ၉ နာရီကျော်မှာ နွားထိုးကြီးမြို့နယ်၊ ဆေးခင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းထဲ ဝင်ရောက်နေတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို မောင်းသူမဲ့ လေယာဥ် ၁ စီးနဲ့ 1Kg ဗုံးသီး ၆ လုံးကြဲချခဲ့သလို မြို့ပေါ်ကနေ စစ်ကူလာတဲ့ အိမ်စီးကား ၃ စီးကိုလည်း လမ်းကနေ ဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF ဆီက သိရပါတယ်။ 

"ဒဏ်ရာရသူများတယ်။ ဗုံးကြဲခံရလို့ ၁၀ ကောင်ထက်မနည်း သေဆုံးတာကို Scout (ကင်းထောက်) ပြောလို့သိခဲ့တာ"လို့ နွားထိုးကြီး PDFမှ ရဲဘော်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force (မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း)၊ နွားထိုးကြီးမြို့နယ် ပကဖ၊ Myingyan District Drone Strike၊ အမှတ်(1848)ဒရုန်းတပ်၊ Shar Htoo Waw နည်းပညာ team 2၊ မလှိုင်မြို့နယ် ပကဖ(MHLG Wing) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #နွားထိုးကြီး #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10