တော်လှန်ကျောင်းကစာအံသံ

တော်လှန်ကျောင်းကစာအံသံ

ရေးသူ-နွေဦးငြိမ်းချမ်း

သခင်ပညာရေးကျောင်းတခု၏ ဖွင့်ပွဲနေ့မြင်ကွင်းကထူးဆန်း လို့နေသည်။ ပြောက်ကျားဝတ်စုံ စစ်သုံးဘယ်ရီကပ်ဦးထုပ်ကို ဆောင်းထားသည့် အမျိုးသမီးတဦးက တက်ရောက်ပြီး အဖွင့်အမှာစကားကို ပြောကြားသည်။ သူမကစစ်ဝတ်စုံနှင့် မအပ်စပ်သောသနပ်ခါးများကိုမျက်နှာအပြည့် လိမ်းကာ စံပယ်ပန်းကုံးများကိုစွပ်ထားလိုက်ပြန်တော့သည်။ အညာဓလေ့ကိုသူမမျက်နှာမှာ အပြည့်အဝပုံဖော်ထားသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တခု၏အရေးကြီးသော ခေါင်းဆောင်ပိုင်းတဦးလည်းဖြစ်လို့နေပြန်သည်။

CDM ကျောင်းဆရာမလေးများက စံပယ်ပန်းကုံးများကို ဂုဏ်ပြုစွပ်ပေးထားကြပြီး တခြားသူများကိုလည်း စွပ်ပေးရန် လက်ထဲတွင်အသင့်ကိုင်ဆောင်ထားကြသည်။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လူငယ်များကတော့ ကျောင်းဝင်းအတွင်းအပြင်များတွင် မောင်းပြန်ရိုင်ဖယ်များနဲ့ လုံခြုံရေးစောင့်ပေးနေကြသည်။ သူတို့၏ပြုမူဆက်ဆံမှုများက ကြောက်ရွံ့နေသည်ဆိုတာထက် အားကိုးယုံကြည် လေးစားခြင်းတို့နွယ်ယှက်နေမည်ထင်သည်။

ထိုမြင်ကွင်းကဧပြီလ ၂၈ ရက်နေ့ မြောင်မြို့နယ် ၂၆ ကျောင်းမြောက်သခင်ပညာရေးကျောင်း ဖွင့်ပွဲနေ့မြင်ကွင်းဖြစ်သည်။ အဲဒီကျောင်တွေကိုတော့ Myaung Education Network ကဦးဆောင်ဖွင့်လှစ်နေခြင်းဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကာကွယ်ရေးယူပေးသလို ဖွင့်ပွဲနေတွေမှာလည်း တက်ရောက်ဖွင့်လှစ်ပေးတာ၊ အမှာစကားပြောကြားပေးတာတွေ လုပ်ခဲ့ကြခြင်းဖြစ်သည်။

အညာနွေပူပူကို အန်တုရင်း သောကအပူဝေနေကြတဲ့ မိခင်ဖခင်တချို့ရဲ့ အပူတခြမ်းက ကျသွားခဲ့ပြီ ဟုဆိုနိုင်သည်။ ကျန်းမာရေးကပ်ဘေးဒဏ်နှင့် စစ်အာဏာသိမ်းမှုကိုတော်လှန်ရင်း ၂ နှစ်ကြာပိတ်ထားခဲ့ရသည့် အညာလူထုရဲ့ ကျောင်းတံခါးများက ပွင့်လာခဲ့ပေပြီ။ ဖုန်ကပ်နေသော စာသင်ခုံ၊ ကျောက်သင်ပုန်း၊ ရုံးခန်းများနဲ့ ခေါင်းလောင်းများက တဖန်အသက်ဝင်လာကြပြန်သည်။ စာအံသံတို့ကို အညာမြေ မြောင်နှင့်မြိုင် မြို့လေးတွေမှာ ပီပြင်ကျယ်လောင်စွာ ကြားလာရပြန်ပါပြီ။

မြိုင်မြို့နယ်လေးထဲက စာသင်ကျောင်းတကျောင်းရှေ့ အလံတိုင်မှာလည်း ညီညာစွာရပ်ရင်း ကျောင်းသီချင်းကို ကလေးများသံပြိုင်ဆိုနေကြသည်။ ဖြူစိမ်းတူညီဝတ်စုံကို မဝတ်နိုင်ကြသေးသော်လည်း သူတို့က သခင်ကျောင်း၊ တော်လှန်ကျောင်းများက စိတ်ဓါတ်ခိုင်မာသော ကျောင်းသား/ကျောင်းသူများပင် ဖြစ်သည်။ စစ်မှန်သောပညာရေးကိုသင်ကြားခွင့်ရနိုင်တော့မည်။

တကယ်တော့ အညာသည်မြိုင်၊ မြိုင်သည် မြန်မာ့သနပ်ခါး၊ မြန်မာစာပေလောကသည်မြိုင်၊ မြိုင်သည်မြန်မာစာပေလောကရဲ့ အထင်ကရစာရေးဆရာမြသန်းတင့်ကို မွေးဖွားခဲ့ရာ မြို့နယ်ကလေး။ ယခုလည်း စစ်အာဏာရှင်ကိုတော်လှန်ရာမှာ ထိပ်ဆုံးကပါဝင်နေသလို၊ တော်လှန်ကျောင်းများ ဖွင့်လှစ်ရာတွင် ထိပ်ဆုံးကပါဝင်ခဲ့ပြန်ပါသည်။ ချစ်လှစွာသောမြိုင် ပြာပုံကြားက ဖီးနစ်ငှက်လို ရှင်ပြန်ထမြောက်နေပေပြီ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပညာရေးဘုတ်အဖွဲ့နဲ့ CDM ကျောင်းဆရာ ဆရာမ၊ ကျန်းမာရေး၊ တခြားဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်ခဲ့ကြပြီး စာသင်ကျောင်းပေါင်း ၄၈ ကျောင်းနဲ့ ကျောင်းသူ/သားပေါင်း ၇ ထောင်ကျော်ကို စာသင်ကြားပေးနိုင်ပြီဆိုသည့် သတင်းစကားက တကယ်တော့မယုံနိုင်စရာဖြစ်ခဲ့သလို ကြိုးစားဆောင်ရွက်နေသူများအတွက်လည်း အံ့ဩမင်သက်သွားစေနိုင်တဲ့ ကိန်းဂဏာန်းတခုပါပဲ။ ဘာကြောင့်လိုဆို ရှင်းပါသည်။ စစ်ကောင်စီရဲ့နည်းမျိုးစုံဖိနှိပ်မှုတွေကြားက ဒီလောက်ထိရောက်ရှိလာတာက ဦးစီးဦးဆောင်ပြုသူတွေအပြင် ပူးပေါင်းပါဝင်ကြတဲ့လူထုရဲ့ စိတ်အားထက်သန်မှုလို့ဆိုရမှာပါ။

“ကျောင်းနဲ့ဝေးနေပြီးစာသင်ကြားခွင့်တွေဆုံးရှုံးနေတော့ ကျောင်းပြင်ပရောက်ကုန်ပြီး ကလေးတွေက ကျောင်းသားစိတ်တွေပျောက်ကုန်ပြီ၊ အချို့ကလေးတွေက ငယ်ငယ်ရွယ်လေးနဲ့ အိမ်ထောင်ကျကုန်ပြီ၊ အချို့ကလေးတွေလည်း ကလေးနဲ့မလိုက်ဖက်အောင် ပင်ပန်းတဲ့အလုပ်တွေလုပ်နေကြရပြီ၊ ဒါမျိုးတွေဖြစ်နေလို့ ကလေးတွေကိုပြန်လည်ကုစားဖို့ဆိုပြီး ကြားကာလပညာရေးဖွင့်လှစ်ရတာပါ၊ ကြားကာလပညာရေးဖွင့်တာက တော်လှန်ရေးအတွက်လည်းရည်ရွယ်တယ်၊ ဘာကြောင့်တော်လှန်ရေးအတွက်ရည်ရွယ်တာလည်းပြောရင် စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မိဘတွေက ကလေးတွေကို သွားမထားမိအောင်၊” CDM ကျောင်းဆရာလေးရဲ့ ပြောစကားမှာ ကလေးငယ်တွေအတွက်သာမကပဲ နိုင်ငံအနာဂတ်အတွက်ပါ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားတယ်ဆိုတာ သိသာနေတော့သည်။

မြိုင်မြို့နယ်ရဲ့ ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ NUG အစိုးရနဲ့ချိတ်ဆက်ပြီး စာသင်ကျောင်းတွေကို ဆက်လက်ဖွင့်နေခဲ့ကြသည်။ တကယ်တမ်း ကျောင်းများဖြစ်ဖို့အတွက်ကတော့ နယ်မြေစိုးမိုးမှုကို အရင်ဆုံးပြုလုပ်ရမည်ဖြစ်ပြီး လုံခြုံရေးက အဓိက ကြသည့်အရာဖြစ်သည်။ စစ်ကောင်စီက ကလေးပါမချန် သက်ကြီးရွယ်အိုမထား မထင်ရင်မထင်သလို လုပ်ဆောင်တတ်တဲ့အမူအကျင့်ကို ဖြစ်ခဲ့ပြီးသော ဖြစ်ရပ်များက သက်သေခံနေခဲ့သည်ပဲ။

နိုင်ငံတနိုင်မှာ ပညာရေးကဏ္ဍဟာအဓိကအခန်းကဏ္ဍကပါဝင်နေပြီး တိုင်းပြည်အနာဂတ်လို့လည်း ဆိုနိုင်သည်။ လက်ဦးဆရာများဖြစ်တဲ့ မိဘပြီးရင် ကလေးငယ်များနဲ့ အထိတွေအများဆုံးက ဆရာ၊ဆရာမများသာဖြစ်သည်။ အမှန်၊ အမှား၊ ဓမ နှင့် အဓမ္မကို ဆရာ၊ ဆရာမတို့က သင်ကြားပေးရပေမည်။ မတရားမှုဖြင့် အုပ်ချုပ်ထားသော အဖွဲ့အစည်းတခုက ဦးစီးဦးဆောင်ပြုဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် တရားမှုတို့က ဆိတ်သုဉ်းနေမည်သာ ဖြစ်ပြီး ထိုအရာတို့ကို တော်လှန်ဖို့ တော်လှန်ကျောင်းများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်မဟုတ်လား။

စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ ကျောင်းသားမိဘတဦးက ပြတ်သားစွာနဲ့ “စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေကို မအပ်ရတဲ့အဓိကကတော့ ကျွန်ပညာရေးကိုအလိုမရှိဆိုတဲ့အတိုင်း စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေကို ကျောင်းသားမိဘတွေက ဖွင့်တာကိုလက်မခံဘူး၊ သူတို့ကျောင်းဖွင့်ဖို့ ကြိုးစားတာကို ကျနော်တို့လက်မခံတဲ့အတွက်ကြောင့် CDM ဝန်ထမ်းပူးပေါင်းဖွင့်တဲ့ ကျောင်းတွေကိုအပ်ရတာပါ၊” ဟု ဆိုလိုက်သည်။

သူက NUG အစိုးရ ကိုထောက်ခံသူတယောက်ဖြစ်ပြီး စစ်ကောင်စီကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးတွေ အမှန်အမှားမသိမှာ စစ်ကောင်စီကိုထောက်ခံရာရောက်မှာကိုလည်း စိုးရိမ်နေသူပါ။ တော်လှန်ကျောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ က စောင့်ရှောက်ပေးနေတဲ့အပေါ်မှာလည်း ယုံကြည်စိတ် ပြည့်ဝနေသူတယောက်လည်း ဖြစ်သည်။ အလားတူ ကျောင်းသား ခုနှစ်ထောင်ကျော်ရဲ့ မိဘတွေ ကလည်း ယုံကြည်စိတ်ပြည့်ဝနေကြသည်။

မြိုင်မြို့နယ်မှာ ကျေးရွာပေါင်း ၃၀၀ ကျော်ရှိပြီး ပညာရေးဘုတ်အဖွဲ့တွေက စာသင်ကျောင်များဖွင့်ဖို့ နယ်မြေပြည်သူကာကွယ်ရေးအဖွဲ့များကို ဆက်သွယ်အကြောင်းကြားကြတယ်လို့ ဆိုသည်။။ အများအားဖြင့်တော့ ကလေးများ၏လုံခြုံရေးအတွက်သာဖြစ်ကြောင်း ဆိုကြသည်။

“ကလေးတွေရဲ့လုံခြုံရေးပေါ့၊ လုံခြုံရေးပေးတယ်၊ ကင်းတွေစောင့်ရတာပေါ့၊ ကျောင်းဖွင့်တာကနေခင်းပိုင်းတွေ ဖွင့်တာဆိုတော့ စာသင်ကျောင်းနားမှာလည်းလုံခြုံရေးတွေချပေးတယ်၊ အဝေးကင်းအနီးကင်းချပြီးတော့ ကလေးတွေရဲ့လုံခြုံရေးကိုစောင့်ရှောက်မှုလုပ်တယ်ပေါ့၊” ဟု လုံခြုံရေးပိုင်းဆိုင်ရာမှာ တာဝန်ယူပေးနေတဲ့ MVRF Myaing Villages Revolution Frontတာဝန်ခံက သူ့ရဲ့လုပ်ဆောင်ပေးမှုအပိုင်းကိုပြောဆိုသည်။

တဖက်တွင်လည်း လုံခြုံရေးသည် အလုံးစုံစိတ်ချရသည်ဟု ဆိုနိုင်သည့်အခြေနေတွင်ရှိမနေသေးပေ။ ထိုအတူ အဖက်ဖက်ကကျဆင်းနေသည့်အခြေနေတွင် လုံခြုံရေးစိတ်မချရသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်မပြေတော့ခြင်းနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစစ်ကြောင်း ထိုးရာဒေသတဝိုက် ရှိ ကျေးရွာနေအိမ်များကို မီးရှို့ခံနေရတာကြောင့် ပြည်သူလူထုမှာ စားဝတ်နေရေး ကျပ်တည်းနေသည့် အခြေအနေတွင်ရောက်ရှိနေသည်။

ထိုသို့သောအခြေအနေများတွင် ကလေးငယ်များပညာသင်ကြားရေးလုပ်ဆောင်ရသည်မှာ အတော်ကို ရုန်းကန် နေရသည် အခြေအနေတွင်ဖြစ်သည်။ ၂ နှစ်ကြာဝေးကွာနေရသည့် ပညာရေးကြောင့်သာ ကြိုးစားလုပ်ဆောင် ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များစာသင်ကြားရေးတွင် ငွေကြေးအခက်ခဲနှင့် ရုံးသုံးကျောင်းသုံး စာရေးကိရိယာများမှာလုံလောက်သည့်အခြေနေတွင်ရှိမနေ။ NUG နှင့် ပညာရေးဘုတ်အဖွဲ့များအနေဖြင့်လည်း လုံလောက်သောထောက်ပံ့ပေးနိုင်မှု လွှမ်းခြုံနိုင်မှု ရှိမနေသေးပေ။

“ကလေးတွေကတော့ ကျောင်းတတ်ဖို့အဆင်ပြေတာမပြေတာထက် စာသင်နေရတယ်ဆိုရင်ပဲ ကျေနပ်နေတာပေါ့။ ကျီးလန့်စာစားနေရတာကိုတော့ ကျနော်တို့မှမဟုတ်ဘူး တနိုင်ငံလုံးဖြစ်နေတာဆိုတော့ ကလေးတွေကလည်း ကျောင်းမတက်ရတာ နှစ်နှစ်ရှိပြီလေ။ ရွာကတချို့အကြီးပိုင်းကလေးတွေဆို ကျောင်းမတက်ချင်တော့ဘူး၊ သူတို့လည်းစာဝေးသွားတော့ ပြန်သင်ရမှာခက်နေတာပေါ့။ ဘာပဲဖြစ်ဖြစ်ကလေးတွေကို စာသင်ပေးထားချင်တယ်” ဟု မြောင်မြို့နယ်က ကျောင်းသားမိဘတဦး က သူဆန္ဒကို ပြောပြသည်။

ပြောခဲ့သောကျောင်းများသည်က မြေပြင်မှာ လက်တွေ့ကျကျဖွင့်လှစ်ထားသောကျောင်းများဖြစ်ပြီး အလားတူ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့တွင်လည်း မြေပြင်တွင်ဖွင့်လှစ်သင်ကြားနေကြသည်။ တခြား ဖက်ဒရယ်ကျောင်းများကို မိုးကုတ်နှင့် မန္တလေးတို့တွင်လည်း ဖွင့်လှစ်နေသည်။ Home Base Learning ဖြင့်သင်ကြားခြင်း အွန်လိုင်းဖြင့်သင်ကြားနေသော ကျောင်းများကတော့ ရန်ကုန်၊ ပဲခူး၊ မွန်၊ တနင်္သာရီ အပါအဝင် မြို့နယ်ပေါင်း ၃၀ ကျော်တွင် ဖွင့်လှစ်နေပြီး တချို့ကျောင်းများကတော့ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေပြီဟု ပညာရေးဘုတ်အဖွဲ့များကဆိုသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များစိုးမိုးနယ်မြေများတွင်လည်း ခိုလှုံလာသော CDM ပညာရေးဝန်ထမ်းများနှင့် တခြားဌာနများက ဝန်ထမ်းများစုပေါင်းကာ စစ်ရှောင်ကလေးများကို စာသင်ကြားပေးခြင်း ဖမ်းဆီးမှုရန်မှထွက်ပြေးတိမ်းရှောင်လာရသူ မိသားစုများမှ ကလေးငယ်များကို စာသင်ကြားပေးခြင်းတို့ကို ပြုလုပ်နေကြသည်။

“အခုကတော့ ဖွင့်လှစ်နေတဲ့ကျောင်းတွေလည်းရှိတယ်။ ဖွင့်တော့မယ့်ကျောင်းတွေလည်းရှိတယ်။ ကျနော်တို့ဘုတ်အဖွဲ့တွေအနေနဲ့ကတော့ နယ်မြေစိုးမိုးမှုရှိတဲ့နေရာမှာ မြေပြင်မှာဖွင့်တယ်။ နယ်မြေမစိုးမိုးတဲ့နေရာမှာဆိုရင် အွန်လိုင်းကသင်တာပေါ့။ လုံခြုံရေးအရဖွင့်ပြောလို့မရတဲ့အခြေနေပေါ့။ နောက် အိမ်မှာပဲနေရင်း စာသင်နေဖို့အတွက် ဆရာကိုင်၊ ကျောင်းသားကိုင် သင်ရိုးညွှန်းတမ်းတွေကို အွန်လိုင်းမှာ တင်ပေးထားပါတယ်” ဟု ပညာရေးဘုတ်အဖွဲ့ဝင်တဦးက ၎င်းတို့ရဲ့ ကွန်ရက်လုပ်ဆောင် နေမှုတွေကို ရှင်းပြသည်။

စစ်အာဏာသိမ်းမှု တနှစ်ကျော်ကြာလာချိန်မှာတော့ ကျဆင်းနေတဲ့ ကဏ္ဍများစွာထဲက ပညာရေးကို တော်လှန်ရေးအင်အားစုများက အရင်ဆုံးပြန်လည်ဆွဲတင်နေကြသည်။ သခင်ကျောင်းများ၊ CDM ကျောင်းများ၊ တောင်လှန်ကျောင်းများ နှင့် အွန်လိုင်းပညာရေးများကို ချိတ်ဆက်လုပ်ဆောင် လာနေကြပြီဖြစ်သည်။

အညာမြေသည်နွေအပူကိုဖြတ်သန်းခဲ့သည်။ မိုးဦးသည်ကျရောက်လာတော့မည်။ တဖန်စိမ်းလန်းသော ပညာရေးနှင့်အတူ ကလေးများ စာသင်ကျောင်းများဆီရောက်လာကြတော့မည်။ စစ်ကောင်စီရဲ့ စာသင်ခန်းများကို စွန့်ခွါခဲ့သော ကလေးများက တော်လှန်ကျောင်းများထံတွင် စာအံကြပေတော့မည်။ အညာသည်မီးပုံကြား ရှင်ပြန်ထိုးထွက်လာသော ဖီးနစ်ငှက်အသွင်ကိုဆောင်ကာ လေဆန်ကိုဆန်တက် နေတော့သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10