ထန်းပင်လှရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့ပြန်

ထန်းပင်လှရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းပင်လှရွာကနေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃၀ ရက်မနေ့ကမနက် ၄ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ 

မုံရွာမြို့နယ်၊ သာစည်ရွာ ဘုရားကြီးဝန်းအတွင်း အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက မနေ့ကမနက်ပိုင်းမှာ အဲ့ဒီရွာနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ထန်းပင်လှရွာကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ရာ နေအိမ် ၂၉ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့က တိုက်ပွဲမရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့တာပါ။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးလည်း မရှိပါဘူး။” လို့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

ရွာထဲဝင်ရောက်ချိန်မှာလည်း ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ဒေသခံတွေကတော့ စစ်ကြောင်းဝင်လာမှာကို သတင်းကြိုရတာကြောင့် တိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စစ်ကြောင်းဟာ ရွာကိုမီးရှို့ပြီးနောက် မနက် ၈ နာရီလောက်မှာ သာစည်ကျေးရွာထဲကို ပြန်သွားကြတယ်လို့ သိရပါတယ်။ 

ဒီစစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ  ၂၂ ရက်မှာ အရာတော်မြို့ကနေ ထွက်လာပြီး ဇန်နဝါရီ ၂၉ ရက်မှာ သာစည်ရွာထဲကိုဝင်ကာ ယာယီအထိုင်ချနေကြတာလို့လည်း ဆိုပါတယ်။ 

ထန်းပင်လှရွာက နေအိမ်တွေမီးရှို့ခံရတာဟာ ခုတကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း အဲ့ဒီရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းချိန်ကနေ  ၂၀၂၃ သြဂုတ်လအထိ စစ်ကိုင်းတိုင်းထဲက နေအိမ်အဆောက်အဦ၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်စုစုပေါင်း ၆၂,၂၉၄ လုံးကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ထန်းပင်လှရွာ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10