ထီးချိုင့်မြို့ကို သိမ်းနိုင်ရန် နေရာ ၁ ခုသာကျန်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ထီးချိုင့်မြို့ကို သိမ်းနိုင်ရန် နေရာ ၁ ခုသာကျန်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ထီးချိုင့်မြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထီးချိုင့်မြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲဖြစ်ပွားနေပြီး ထီးချိုင့်မြို့နယ်ထဲက နေရာ ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်က ထီးချိုင့်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်စတင်ခဲ့ပြီး ထီးချိုင့်မြို့ပေါ်က မြသိန်းတန်တောင်မှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်ကလည်း ၅ ရက်ဆက်တိုက် လေကြောင်းအကူနဲ့ပါ တိုက်ခိုက်နေတာလို့ သိရပါတယ်။

"တောင်ပေါ်က ကျောက်စေတီရှိတဲ့နေရာ တနေရာပဲ ကျန်တော့တယ်။ အဲ့မှာ ဘန်ကာရှိတယ်။ အဲ့ဒီတနေရာပဲ ကျန်တော့တယ်" လို့ ထီးချိုင့်မြို့ပေါ်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မနေ့က မနက် ၄ နာရီလောက်မှာလည်း တကောင်းမြို့၊ တောင်တလုံးဘက်ကနေ ထီးချိုင့်မြို့ကို စစ်တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကူဖို့ ဆင်းလာတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေဟာ ထီးချိုင့်မြို့ရဲ့ အရှေ့တဖက်ကမ်းမှာရှိတဲ့ မြတောင်ကျေးရွာ (စစ်တပ်တပ်စွဲထားတဲ့နေရာ)နဲ့  ၂ မိုင်ခန့်အကွာက ဖုန်ကုန်းကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၅ နာရီမှာ အဲ့ဒီစစ်ကြောင်းက မြတောင်ကျေးရွာဘက်က စစ်တပ်နဲ့ ပူးပေါင်းသွားပြီး ဒီနေ့မြတောင်ရွာမှာပါ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

"မြတောင်ရော၊ ထီးချိုင့်မြို့ထဲက တောင်ပေါ်ရော ၂ နေရာလုံးမှာ မနေ့ကတည်းက တောက်လျှောက် တိုက်ပွဲ ဆက်တိုက်ဖြစ်နေတယ်" လို့ တော်လှန်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

မနေ့ကတိုက်ပွဲမှာတော့ ကျေးရွာပကဖအဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်ကနေ ဒီနေ့အထိ တိုက်ခိုက်မှုမှာ တိုက်ပွဲအတွင်း ရဲဘော်တဦးဒဏ်ရာပြင်းထန်ရထားသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်နှစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိထားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကစတင်ခဲ့ပြီး ၁၅ ရက်မှာ ကာကွယ်ရေးတပ်တွေဘက်က အပစ်ခတ်ရပ်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်က ၃၀ ရက်အထိ စစ်တပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင်ပြည်သူ ၁၂၀ ကျော်သေဆုံးကာ ထီးချိုင့်တမြို့လုံးနီးပါး မီးလောင်ပျက်စီးထားပါတယ်။

ပုံစာ - ထီးချိုင့်မြို့ပေါ်ရပ်ကွက်တစ်ခု မီးလောင်နေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #မြသိန်းတန်တောင် #မြတောင် #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10