ထီးချိုင့်မှာ ကြံသိမ်းချိန်ဖြစ်လို့ PDF က တိုက်ပွဲရပ်နားပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က နယ်မြေချဲ့လာ

ထီးချိုင့်မှာ ကြံသိမ်းချိန်ဖြစ်လို့ PDF က တိုက်ပွဲရပ်နားပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က နယ်မြေချဲ့လာ

ထီးချိုင့်မြို့နယ်မှာ ကြံတောင်သူတွေရဲ့ တောင်းဆိုချက်အရ ပြည်သူ့တော်လှန်ရေးတပ်တွေဘက်က တိုက်ပွဲတွေ ရပ်နားထားပေမယ့် စစ်ကောင်စီတပ်က အင်အားတိုးကာ နယ်မြေချဲ့တာတွေလုပ်နေတာကြောင့် မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဆီက သိရပါတယ်။

ယခုရာသီဟာ ကြံတောင်သူတွေ ကြံသိမ်းချိန်ဖြစ်တာကြောင့် တောင်သူတွေအပါအဝင် စစ်တပ်နဲ့ အကျိုးတူ စီးပွားလုပ်နေတဲ့ ဂရိတ်ဝေါသကြားစက်ရုံကပါ တောင်သူကြံသိမ်းချိန်ကို အပစ်ရပ်ပေးဖို့ တောင်းဆိုထားတာလို့ သိရပါတယ်။

ကြံတောင်သူတွေရဲ့ အခက်အခဲတွေကို ထည့်သွင်းစဉ်းစားပြီး တိုက်ခိုက်မှုတွေကို ရပ်နားကာ လမ်းဖွင့်ပေးခဲ့တဲ့အချိန်မှာ စစ်ကောင်စီက အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးတာ၊ အင်အားဖြည့်တာတွေ လုပ်လာနေတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ရှင်းပြပါတယ်။ 

"ဒီဘက်(တော်လှန်ရေးအဖွဲ့တွေ)က လမ်းဖွင့်ပေးနိုင်အောင် ငြိမ်ပေးထားတာ။ ဒါကို အခွင့်ကောင်းယူပြီး သူတို့က တိုးခဲ့တာလေ။ အဲ့ဒါကြောင့် တိုက်ရတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့ရဲ့အရှေ့ဘက် မြတောင်ကျေးရွာအနီးမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က အင်အားတိုးပြီးနောက် မြတောင်ကျေးရွာအနီးဝန်းကျင်က ကက္ကုကျေးရွာဘက်အထိ စစ်အင်အားဖြန့်လာတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာ မြတောင်ကျေးရွာနဲ့ ဂရိတ်ဝေါသကြားစက်ရုံ၊ ကက္ကုကျေးရွာတွေဘက်မှာ စစ်တပ်က တပ်စွဲထားပြီး အင်အား ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ထီးချိုင့်မြို့ကို ရဟတ်ယာဥ်နဲ့ လူ၊ လက်နက်အင်အားတွေ ဖြည့်တင်းထားပြီး မြို့ပေါ်က နေရာ ၇၀ ရာခိုင်နှုန်းလောက်နဲ့ အနီးဝန်းကျင်ကျေးရွာတွေအထိ နယ်မြေရယူထားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှာ စတင်ခဲ့ပြီး တိုက်ပွဲတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော်သေဆုံးထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း  #ထီးချိုင့်မြို့ #ကြံတောင်သူ #ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #မြို့သိမ်းတိုက်ပွဲ #မြတောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10