ထီးချိုင့်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးထပ်မံသေဆုံး

ထီးချိုင့်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့အနီးဝန်းကျင်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကန်ပေါက်ကျေးရွာက ကလေးငယ် ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီကျော်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့ စစ်တပ်ရဟတ်ယာဥ်ဟာ ထီးချိုင့်မြို့အနီးကပ်လျက်မှာရှိတဲ့ ကန်ပေါက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကန်ပေါက်ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြားက နေအိမ်ပေါ်ကျပြီး နေအိမ်မီးလောင်ခဲ့သလို အသက် ၇ နှစ် အရွယ်ယောကျာ်းလေး ၁ ဦးသေဆုံးကာ အဘွားအို ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာလည်း ထီးချိုင့်မြို့နယ်၊ အလည်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"လေကြောင်းလည်း တိုက်တယ်။ မီးတွေလည်းရှို့တယ်။ မနေ့က မြတောင်ရွာလမ်းဆုံက ထွန်စက်ဝပ်ရှော့နဲ့ ဓာတ်ဆီဆိုင်တဆိုင်ကို မီးရှို့တယ်။ ဒရုန်းနဲ့ချပြီး ရှို့နေတာ။ နေ့တိုင်း တလုံး၊ နှစ်လုံးကတော့ ရှို့နေသလို ဖြစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်ခြမ်းက မြတောင်ကျေးရွာဘက်ကို ဒီဇင်ဘာ ၂၈ ရက်က မောင်းကုန်းနဲ့ ဖုန်ကုန်းကြီးကျေးရွာတွေဘက်က စစ်ကြောင်း ၂ ကြောင်းထိုးလာပြီး ပူးပေါင်းထားတယ်လို့ သိရပါတယ်။ 

မြတောင်ကျေးရွာမှာ စစ်ကောင်စီအင်အား ၃၀၀ ခန့်နဲ့ ထီးချိုင့်မြို့ထဲမှာ စစ်ကောင်စီအင်အား ၂၀၀ ခန့်ရှိနေပြီး ဒရုန်းတွေကိုပါသုံးစွဲနေတယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှာ စတင်ခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ခန့်သေဆုံးထားကာ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်တွေက နောက်ပြန်ဆုတ်ထားပေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #စစ်တပ် #လေကြောင်းတိုက်ခိုက် #ကန်ပေါက်ကျေးရွာ #ကလေး #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10