ထီးလင်းမြို့ပေါ်အထိုင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သားအဖ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ထီးလင်းမြို့ပေါ်အထိုင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သားအဖ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မိသားစုဝင် ၄ ဦးထဲမှ သားအဖ ၂ ဦး သေဆုံးပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိသွားတယ်လို့ Yaw Revolution Army - ထီးလင်း တပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနေ့က ည ၇ နာရီလောက်မှာ ရွှေထီးခန်းမက နေ ၈၁ မမ (စိန်ပြောင်း)လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးဟာ အဲ့ဒီခန်းမနဲ့ ၁ မိုင်ကျော်ခန့်ဝေးတဲ့ တောရောင်းရွာပြင်မှာ စစ်ရှောင်နေတဲ့ မိသားစုဝင် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲသွားလို့ အသက် ၅၀ နှစ် အရွယ်နဲ့ အသက် ၃၀ နှစ် အရွယ် သားဖ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကာ အမျိုးသမီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ကတော့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“ရွာထဲမှာ မနေရဲလို့ ရွာပြင်မှာ တဲထိုးပြီးနေတာ။ အဲ့ဒါကို လက်နက်ကြီးထိသွားတာပဲ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ကိုလည်း လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးနေပါတယ်။ သမီးဖြစ်တဲ့သူကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်” လို့ Yaw Revolution Army ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ဒီနေ့မနက်မှာတော့ ပစ်ခတ်မှုတွေ ငြိမ်နေသလို လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ သားဖ ၂ ဦးကို သင်္ဂြိုဟ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကတော့ ထီးလင်းမြို့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးတာမျိုးလည်း မရှိသလို ခံစစ်ပုံစံနဲ့ နေရာယူထားတဲ့သဘောမျိုးတော့ ရှိတယ်လို့လည်း ဆိုပါတယ်။

ရွှေထီးခန်းမထဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေ စခန်းချတပ်စွဲထားတာ ၂ နှစ်ကျော်လောက်ရှိပြီဖြစ်သလို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိပြီး နေအိမ်ပျက်စီးတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဟာ အခုလို အချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတဲ့အတွက် မြို့နားအနီးပတ်ပတ်လည်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိထားသွားလာနေထိုင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ထီးလင်းမြို့ #ရွှေထီးခန်းမ #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #ပြည်သူ  #မိသားစု #ထိခိုက် #သေဆုံး #YawRevolutionArmy #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10