ထီးလင်းမှာ CDM ရဲတပ်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ထီးလင်းမှာ CDM ရဲတပ်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့အတွက် ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို မတ်လ ၁၁ ရက် ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိအချိန်မှာ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်အတွင်းက CDM ရဲတပ်သား ၂၀ ဦးနဲ့သာ ဖွဲ့စည်းထားတာဖြစ်ပြီး၊ အင်အား ထပ်တိုးဖို့လည်းရှိတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ - ထီးလင်း တာဝန်ခံက ပြောပါတယ်။

“ အကုန်လုံးကတော့ ၂၀ ပါ၊ နောက်ထပ်တိုးဖို့လည်း ရှိပါတယ်။ အကုန်လုံးကတော့ ထီးလင်းနယ်ထဲက ရဲတပ်ဖွဲ့တွေပါသလို ဂန့်ဂေါဘက်က တပ်ဖွဲ့ဝင်တွေလည်း ပါတယ်၊ ကျနော်တို့ ထီးလင်းနယ်ထဲမှာ လာပြီး ခိုလှုံနေတဲ့ တပ်ဖွဲ့ဝင်တွေပါ၊ “ လို့ သူကပြောပါတယ်။

ထီးလင်းနယ်အတွင်း ရဲအရေးပိုင်းကိစ္စတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လလောက်ကတည်းက စတင်လုပ်ဆောင် လာတာဖြစ်ပြီး၊ လိုအပ်တဲ့ အင်အားရရှိတဲ့အချိန်ကျမှ ခုလို ဖွဲ့စည်းကြောင်းကြေငြာလိုက်တာဖြစ်တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ - ထီးလင်း တာဝန်ခံက ပြောပါတယ်။

“ ထီးလင်းနယ်ထဲမှာ အရင်ကတည်းက ရဲနဲ့ပက်သက်တဲ့ ကိစ္စတွေကို CDM ရဲတွေကို လွှဲထားပေးတယ်၊ ခိုးမှု ၂ မှုဖော်ထုတ်ခဲ့ပြီးပြီ၊ သစ်တွေကိုလည်း ဖမ်းဆီးတာ လုပ်ခဲ့ပြီးပြီ၊ ၇ လပိုင်းလောက်က စတင်လုပ်ဆောင်ခဲ့တာ၊ အင်အားက ခုလောက်ထိ မရသေးတဲ့အတွက်ကြောင့် မကြေငြာခဲ့တာ၊ “ လို့ သူကပြောပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်မှာလည်း ထီးလင်းနယ်အတွင်း တရားမဝင်သစ်လုပ်ငန်းတွေကို စစ်ဆေးဖော်ထုတ်ရေး၊ ခိုးမှုတွေကို စုံစမ်းဖော်ထုတ်ရေး၊ လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ ပြစ်မှုဆိုင်ရာ ဖော်ထုတ်အရေးယူမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့လည်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ - ထီးလင်း က သတင်းထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10