ထောက်ပို့ကားကို လုံခြုံရေးကင်းစောင့်ဖို့လာတဲ့ ပျူကား၂စီး မိုင်းဆွဲခံရလို့ ၃ဦးသေ ၆ဦးဒဏ်ရာရ

ထောက်ပို့ကားကို လုံခြုံရေးကင်းစောင့်ဖို့လာတဲ့ ပျူကား၂စီး မိုင်းဆွဲခံရလို့ ၃ဦးသေ ၆ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီထောက်ပို့ကားတွေကို ကင်းစောင့်ပေးဖို့လာတဲ့ ပျူစောထီးကား ၂စီးကို ဇွန်လ ၇ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ၃ ဦးသေ ၆ဦး ဒဏ်ရာရသွားတယ်လို့ ပခုက္ကူ PDF ဆီက သိရပါတယ်။

မြိုင်မြို့နယ် ရေနံမြေကိုသွားမယ့် ထောက်ပို့ကား ၆ စီးကို ကင်းစောင့်ပေးဖို့ ညောင်ဂျစ်ရွာကနေ ကား၂စီးနဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို မိုင်း ၅လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PPDF တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူတို့က မိုင်းကွင်းဘယ်နားရှိတယ်ဆိုတာ သိတယ်။ မိုင်းဆွဲ မခံရခင် သူတို့က မိုင်းကွင်းနေရာတွေကို ပစ်ခတ်ပြီးမှထွက်လာကြတာ။ မိုင်းဆွဲခံရတော့ ၃ ဦးသေတယ် ၄ ဦး ဒဏ်ရာရတယ်။ အီနာဂါနဲ့ချတော့ ၂ဦးဒဏ်ရာပြင်းထန်တယ်။" လို့ပြောပါတယ်။

ကား ၂စီးနဲ့ ထွက်လာတဲ့ ပျူတွေကို ပေါက်-ပခုက္ကူလမ်းပေါ်အရောက် မနက် ၆ နာရီဝန်းကျင်မှာ မိုင်းဆွဲခဲ့ပြီး မှိုက်ပင်ကုန်းရွာမှာ ကင်းပုန်းဝပ်ပြီးကျန်နေတဲ့ ပျူအချို့ကို ဒရုန်းနဲ့ အီနာဂါ ၅လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ရက်ကလည်း ပေါက်ကနေ ပခုက္ကူကိုသွားတဲ့ စစ်ကောင်စီကား ၃၀ပါ ယာဥ်တန်းကို ပခုက္ကူ-​ပေါက်လမ်းပေါ်မှာ ၃ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ကင်းစောင့်ပေးတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံး ၁၃လုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ပခုက္ကူ - ပေါက်လမ်းကို အသုံးပြုပြီး စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်းတွေ မကြာခဏ ဖြတ်လေ့ရှိတာကြောင့် ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေမကြာခဏ ဖြစ်လေ့ရှိနေပါတယ်။

အဲ့ဒီယာဥ်တန်းတွေကို နီးစပ်ရာ ပျူကျေးရွာတွေက ထွက်ပြီး ကင်းစောင့်ပေးရသလို အဲ့ဒီပျူစောထီးတွေကိုလည်း PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

 

စာတည်း- ဇို

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ထောက်ပို့ယာဥ်တန်း #မိုင်းဆွဲ #ပျူစောထီး #ရေနံမြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10