ထောင်​​ဆီသို့​ မျှော်ရည်ရသည့်အ​ကြောင်း

ထောင်​​ဆီသို့​ မျှော်ရည်ရသည့်အ​ကြောင်း

(စစ်ကြောရေးနှင့် ထောင်တွင်းအတွေ့အကြုံဆောင်းပါး)

မျှော်လင့်ထားသည်များ ရောက်မလာခင် မမျှော်လင့်ထားသည်များက ကြိုတင်ရောက်နှင့်လာတတ်သည်မှာ လောကဓံဟု ဆိုရပေမည်။ သည်နေရာ သည်ဌာနမျိုးကို ဟိုယခင်အခါက မိတ်ဆွေအချို့ရောက်သွားဖူး​သောကြောင့် ရံခါ ဧည့်တွေ့သွားတာ၊ ရံခါ လွတ်မြောက်၍ သွားကြိုဖူးတာလောက်သာ ရောက်ဖူးပါသည်။ အခုတော့ ကိုယ်တိုင် ရောက်ဖူးခဲ့ရပြီကော။ 

ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးရန်အကြောင်းဆုံလာသည့် အကြောင်းရင်းကတော့ အဓမ္မမှုကို မကြိုက်သော၊ တော်လှန်လိုသော ဓမ္မဘက်တော်သားဖြစ်ချင်သည့် စိတ်ရင်းအခံကြောင့်ဟုပင် ဆိုရမည်ဖြစ်၏။ "လူ့အဖွဲ့အစည်းရဲ့ ပဓာနတာဝန်ဆိုတာ တရားမျှတမှုဖြစ်တယ်" ​ဟု ပြောခဲ့သည့်  အ​မေရိကန်နိုင်ငံ​ရေးသမား အလက်ဇန္ဒါးဟမ္မင်တန်၏ စကားရပ်ကိုပင် သတိရမိသေးတော့သည်။

×××××××××××

မြို့​ပေါ်မှာ ​ပေါ်​ပေါ်ထင်ထင် ဆန္ဒပြုမှု​တွေကို စစ်တပ်က အပြင်းအထန်ဖြိုခွဲမှု​တွေ စတင်လာ​သော ​၂၀၂၁ ​နွေ​​ဦး​တော်လှန်​ရေး ​စပြီး၂ လဝန်းကျင်လောက်မှာ လမ်း​ပေါ်ထွက်ဆန္ဒပြ​နေစဥ် ဖြိုခွဲဖမ်းဆီးခြင်းခံရသူ​တွေထဲက တယောက် ဖြစ်ခဲ့ဖူးသည်။ ဖမ်းဆီးခံရပြီး စစ်​ကြော​ရေးကို ​ရောက်ခဲ့သည်။ ရွှေပြည်သာစစ်​ကြော​ရေး၌ ရင်တထိတ်ထိတ်နှင့် ​နေခဲ့ရသည့် နှစ်ညအိပ် သုံးရက်ခရီး၏ ပင်ပန်းဆင်းရဲခဲ့​ရမှုသည် နှစ်ကမ္ဘာ​လောက် ကြာလှပါသည်။ ထို့ထက်ပိုမိုဆိုး ကြောင့်ကျရသည်က​တော့ ညည ​ခေါင်းစွပ်စွပ်ကာ တယောက်ချင်း ​သီးသန့်​စစ်​ဆေးတာမျိုးကို သူ့​ခေါ်မလား ငါ့​ခေါ်မလား စိုးရိမ်​နေရ​သောစိတ်ပင် ဖြစ်၏။ 

သို့မို့​ကြောင့်လည်း ပုဒ်မ ၅၀၅-က၏ အမြင့်ဆုံးပြစ်ဒဏ် (၃) နှစ်ပင်ကျခံရ​စေဦး​တော့ စစ်​ကြော​ရေးထက် ပိုဆိုးမည်ဟု မထင်​သော ​​ထောင်သို့သာလျှင် ​ပြောင်း​ရွေ့ရောက်ချင်​စိတ်ဇောကြီး​နေမိ၏။ ပိုးသတ်​ဆေး ကလိုရင်းနံ့ တ​ထောင်း​ထောင်းကို ရှူရင်း​​သောက်ရသည့်​ရေကိုလည်း မ​သောက်ချင်​တော့​ပေ။ အာဟာရပါသည်မထင်​သော တ​စေ့ချင်းလွင့်​နေသည့် ထမင်းနှင့် ကျပ်ပြားဝိုင်းသာသာ​လောက်သာရှိမည့် မည်ကာမတ္တ ကြက်သားဟင်းကိုလည်း စားချင်စိတ်နည်းနည်းမျှပင် မရှိ​တော့​ပေ။ ​ရေ​ကောင်း​ကောင်းချိုးရရန် မဆိုထားနှင့် ​မျက်နှာခြေလက်သန့်စင်မှုမျှပင် ​ကောင်း​ကောင်းမလုပ်ခဲ့ရ၍ နံ​စော်နေ​​သော ခန္ဓာနှင့် နှစ်ညမျှ အိပ်​ကောင်းခြင်း မအိပ်ခဲ့ရ၍ ညစ်နွမ်း​မှိုင်းရီ​နေ​သော စိတ်ပါ ​ပေါင်းစပ်ထားသည့် ပုံပန်းသဏ္ဌာန်ကို မိမိကိုယ်တိုင်ပင် ဘယ့်လောက်စိတ်ပျက်စရာ​ကောင်း​နေမည်ကို ခန့်မှန်းမကြည့်နိုင်​အောင် ဖြစ်ရ၏။ 

အားလုံးသည် မိမိနာမည်​ခေါ်လိုက်သည်နှင့် လက်​ထောင်ကာ ဖခင်အမည်​​အော်​ပြောရန်သာ စိတ်ဝင်စား​နေသည်။ ပြန်လွှတ်မည့်စာရင်းဖြစ်ဖြစ်၊ အင်းစိန်​ထောင်ပို့မည့်စာရင်းဖြစ်ဖြစ် စိတ်မဝင်စားနိုင်​ပေ။ သည်​နေရာသည်ဌာနက​​နေ အမြန်ဆုံးထွက်ခွာခွင့်ရမည့်အ​ရေးကိုသာ စိတ်ဝင်စား​နေကြ၏။ လူသားစာနာစိတ် အလျဥ်းမျှပင် ရှိပုံမရသည့် ဤနေရာ၌ မိနစ်ပိုင်း စက္ကန့်ပိုင်းပင် ​မ​နေလို​တော့​ပေ။ လာ​ခေါ်မည့် ကားပြာကြီးကိုသာလျှင် ​​မျှော်​နေမိကြ​လေသည်။ သည်​နေရာက လွတ်​မြောက်မှ အသက်ရှင်နိုင်မည်၊ အသက်ရှင်​နေအုံးမှ အာဏာရှင်ကို အမြစ်ဖြတ်ရန် ဆက်တိုက်နိုင်မည် မဟုတ်ပါလား။

×××××××××××××

ကားပြာကြီး ၃ စီးသည် အမှတ် ၄ လမ်းမကြီးအတိုင်း ​ရွှေပြည်သာမြို့နယ်အပိုင်ဖြစ်သည့် ပန်းခြံစု၊ ဇီးကုန်း စသည့်ရပ်ကွက်များကို ဖြတ်သန်းလာခဲ့၏။ တ​ရွေ့​ရွေ့နှင့် အင်းစိန်မြို့နယ်အစပ်ဖြစ်သည့် တညင်းကုန်းလမ်းစုံမီးပွိုင့်ကို တည့်တည့်ဖြတ်​ကျော်လိုက်သည်။ ​အောက်မင်ဂလာဒုံလမ်းမကြီးအတိုင်း မောင်းနှင်လာပြီး ​အောင်ဆန်း၊ စဥ့်ငူ၊ ​ဖော့ကန် စသည့် ရပ်ကွက်များကို ဖြတ်​ကျော်လာသည်။ လွန်ခဲ့သည့်ရက်များက လမ်းမကြီးကို ဖြတ်လျက်ပိတ်ဆို့ထားပြီး ​ဖော့ကန်တဝိုက်မှာ ​နေ့စဥ်ရက်ဆက်ပြုလုပ်ခဲ့​သော အထိုင်သပိတ်စခန်းလည်း မ​တွေ့ရ​တော့​ပေ။ အဖြိုခွဲခံလိုက်ရပြီ ထင်၏။ ​​​​သြော် ပြင်ပ​လောကနှင့် သတင်းကွင်းဆက်​တွေ ပြတ်​တောက်ခဲ့တာ သုံးရက်မျှ ရှိသွားခဲ့ပြီကို သတိရလိုက်မိသည်။

အင်းစိန်အကျဥ်း​ထောင်ထဲကို ဘုရင့်​​နောင်လမ်းမကြီးဘက်ခြမ်း၊ ရွာမအ​နောက် မင်း​စေတီအနီးက ဝင်​ပေါက်မှ ဝင်လာခဲ့ကြသည်။ မိန်း​ဂျေးဘူးဝကို​ကျော်ဖြတ်ကာ သီးသန့်​ထောင်၏ဘူးဝတွင် အချုပ်ကားများကို ရပ်လိုက်ပြီး တကားချင်းစီ ဆင်းခိုင်းသည်။ ​ထောင်ထဲသွင်းသည့် အချုပ်သားများကို ​ရေတွက်​သော ​ထောင်ဝန်ထမ်း(ဝါဒါ)၏အသံ "တ" "နှစ်" "သုံး" "​လေး" စသည်ကို စကြားဖူးရသည်။ 

စာရင်းသွင်းမှတ်တမ်းယူရန် မိန်း​​ဂျေး(ရုံးခန်း) ​ဘေးမှာ ငါး​ယောက်တတန်း ပုံစံထိုင်ရ​တော့ စစ်​ကြော​ရေးကပုံစံအတိုင်း လက်က​လေး​တွေ ​ခေါင်း​ပေါ်တင်ပြီး ​ဆောင့်​ကြောင့်ထိုင်​မိကြသည်။ စစ်​ကြော​ရေးကပုံစံအတိုင်း​ထိုင်ရန် မလို​ကြောင်း၊ ရိုးရိုးတန်းတန်းပဲ ဖင်ချထိုင်လို့ရ​ကြောင်း ​ထောင်ဝန်ထမ်းက ​ပြောသည်။ စစ်​ကြော​ရေးမှာကဲ့သို့ လူမဆန်စွာ ပြုမူဆက်ဆံခံရခြင်းများ ​ပြေ​လျော့သွားသည်ဟု ရုတ်တရက် ထင်မြင်ယူဆလိုက်မိသည်။ တဆက်တည်းမှာပဲ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ ​နေရပ်လိပ်စာ စသဖြင့် ​မေးမြန်းစဥ် အချိုးမ​ပြေ ပုံစံမကျသည့်သူမျိုးကို ​တွေ့လျှင်​တော့ဖြင့် ငါနှင့်ကိုင်တုပ်​တော့သည်။ "မင်းတို့​ကောင်​တွေ စစ်​ကြော​ရေးနဲ့ပဲ တန်တယ်၊ ဟိုမှာကျ​တော့ အပိုးကိုကျိုးလို့" ဆိုသည့်စကားမျိုးကို အဆဲ​လေးပါ ထည့်​ပြောတာ ကြားရသည်။ သိပ်မထူးလှသည့် "သည်ပုတ်ထဲက သည်ပဲ" ပဲ ထွက်နိုင်သည်ကို ကြို​တွေးထားရ​​ပေတော့မည်။ 

××××××××××××××

​နေရမည့်အ​ဆောင်ဆီသို့ နှစ်​ယောက်တတွဲ ယှဥ်​လျှောက်ပြီး ဝင်လာစဥ်မှာ ​ရောက်နှင့်ပြီး​သော စီနီယာ ၅၀၅-ကများက လက်ပြနှုတ်ဆက်ကြိုဆိုကြသည်။ အချို့ကလည်း လက်သုံး​ချောင်း​ထောင်ကာ ရဲ​ဘော်ရဲဘက်​တွေကို ​တွေ့ရသည့်နှယ် ဝမ်းသာအယ်လဲ နှုတ်ဆက်ကြ၏။ 

ကနဦး​ရောက်ရှိ​နေသူများက အသစ်​ရောက်လာသူ​တွေထဲမှာ အသိမိတ်​ဆွေများ ပါလာ​လေမည်လားကို စိုးတထိတ်ထိတ်နှင့် ရှာ​ဖွေကြရ​သေးသည်။ မပါလျှင် ​ကောင်းသည်က တစိတ်၊ ပါလာလျှင်လည်း သွားပွတ်တံ သွားတိုက်​ဆေးလို အ​ရေးတကြီး လိုအပ်တာကအစ ကူညီရန်ဆိုတာကတစိတ်ဖြင့် ဖြစ်ကြပါ၏။ အချို့ကလည်း မိမိနှင့်သိသည်ဖြစ်​စေ၊ မသိသည်ဖြစ်​စေ အဝတ်တထည် ကိုယ်တခုနှင့် ​​ထောင်ကိုရောက်လာဖူးပြီးကြသည့် ဘဝတူချင်းအ​​ပေါ်မှာ စာနာကာ ​ကော်ဖီမစ်​လေး၊ စွပ်ကျယ်​လေး၊ လုံချည်​လေး စသဖြင့် တတ်နိုင်သ​လောက် မျှတ​ပေးကမ်းကြသည်။ ​တော်လှန်​ရေးမှာ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြပြီး ​ထောင်ထဲ​ရောက်လာစဥ်မှာ အ​တွေ့အကြုံချင်း မတူ​ကြသော်ငြားလည်း ယုံကြည်ချက်ချင်း တူကြ​သည့် ဘဝတူ ရဲ​ဘော်ရဲဘက်ချင်းအ​ပေါ်မှာ ထားကြ​သော စိတ်သန္တာန်သည် တုနှိုင်းမရ​​အောင် လှပ​​နေ​လေ၏။ ထိုစိတ်သည်ပင် ကြုံရမည့် ​လောကဓံအတွက် အား​ဆေးတခွက် ဖြစ်​နေပါသည်။

ကိုယ်​နေရမည့်အခန်းထဲ​ရောက်သည်နှင့် ​အိပ်ရစားရမည့်​နေရာမှာ ​ထောင်က​ပေးသည့် ​စောင်​လေးတထည်ကိုချပြီး ​ရေချိုးရန် ပြင်ကြရ​တော့သည်။ ​လူလူသူသူ​ ရေမချိုးခဲ့ကြရသည်မှာ ၂ ရက်​ကျော် ၃ ရက်​မြောက်ပြီ မဟုတ်ပါလား။ ​မတ်လ ၃ ရက်​နေ့ကတည်းက ​ရောက်နှင့်​နေကြသည့် မိတ်​ဆွေတချို့က အင်္ကျီနှင့်လုံချည်လာ​ပေးကြသည်။ သို့မို့​ကြောင့် မ​​လျှော်မဖွပ်ရဘဲ သုံးရက်ဆက်တိုက်ဝတ်ထားသည့် အဝတ်များကို ​လျှော်ဖွပ်သည်။ ၆ ​ပေ x ၃၀ ​ပေ ​လောက်ကျယ်ဝန်းသည့် ​ရေကန်ထဲကရေကို ​ဘေးလူဆီက ​ရေခွက်ခဏငှားပြီး တဗွမ်းဗွမ်းနှင့် အားပါးတရ ခပ်ချိုးရသည်မှာ တကယ့်အရသာပင်။ ​ရေတနပ်ကို ​ကောင်း​ကောင်းမွန်မွန် အားရပါးရ ချိုးလိုက်ရသည်နှင့် လူ၏စိတ်ကိုပါ တက်ကြွရွှင်လန်းသွား​စေခဲ့ပါသည်။ နံရံနှစ်ထပ်၊ သံဆူးကြိုးနှစ်ထပ်ကြားရှိ ၁၀ လက်မမျှထူပြီး ​သော့အတန်တန်ခတ်ထားသည့် ​ထောင်ဟူ​သော အ​ဆောက်အအုံထဲမှာ ရင်ဆိုင်ဖြတ်သန်းရဦးမည့် ဒုက္ခများစွာအတွက် အဆင်သင့်ဖြစ်ပြီဟု ​ကြွေး​ကြော်လိုက်သည်နှင့်လည်း တူသည်။

စစ်​ကြောစခန်းများက​နေ ထာဝရ မပြန်နိုင်ခြင်းနှင့် ဘဝမကူးဖြစ်ရင်ဘဲ ကံထူးပြီဟု ​မျှော်လင့်စိတ်ဖြင့် ​ထောင်တွင်းဖြတ်သန်းမှုကိုပဲ ဦးတည်လိုက်ရပြီ ဖြစ်၏။ 

ဆောင်းပါးရှင် - ကိုလူမိုဃ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10