ဒရုန်းရန်ကြောက်လို့ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေကိုအချိန်ဆွဲ စစ်ဆေး

ဒရုန်းရန်ကြောက်လို့ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေကိုအချိန်ဆွဲ စစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လာမှာ စိုးရိမ်တဲ့အတွက် မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲက ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ X-Rayစက် ပူတယ်လို့ အကြောင်းပြကာ မော်တော်ယာဉ်တွေကို အချိန်ဆွဲပြီး စစ်ဆေးရေးတွေလုပ်နေတယ်လို့ ယာဉ်မောင်းသူတွေက ပြောပါတယ်။ 

အဲ့ဒီ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်ဟာ ရှမ်းပြည်တောင်ပိုင်းကနေ ဆင်းလာပြီး ရန်ကုန်၊ မန္တလေးဘက်ကိုသွားမယ့် မော်တော်ယာဉ်မှန်သမျှ X-Ray ဖြတ်ခိုင်းပြီး စစ်ဆေးတဲ့ဂိတ်တခုဖြစ်ပါတယ်။

အရင်ကလည်း စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်တွေ များပေမယ့် အခုလို တန်းစီစောင့်ရတာမျိုးမရှိဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ အခုကာလမှ X-Ray စက်ပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂိတ်မှာကားတွေ မပြတ်အောင် အချိန်ဆွဲပြီး စစ်ဆေးနေတာလို့ ယာဉ်မောင်းတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကားတွေက အရင်တုန်းကလည်း အခုလောက်ပါပဲ။ များလည်း ညအိပ်ဘယ်တော့မှ မတန်းရဘူး။ ဒရုန်းအခွဲခံရမှာကြောက်လို့ ကားကိုစုထားတယ်လို့ ကြားတယ်ဗျ။ သေမှာကြောက်ကြတော့ ပြည်သူတွေကို ဓားစာခံလုပ်နေကြတဲ့ သဘောပဲဗျာ။” လို့ အဲ့ဒီယာဥ်မောင်းက ပြောပါတယ်။ 

ကားတွေရပ်စောင့်ရတာဟာ တညအိပ်နှစ်ရက်ဆက်လောက် တန်းစီရပြီး ဆီဈေးကြီးတဲ့အချိန် တောင်ဆင်းတောင်တက်လမ်းမှာ ကားတွေတန်းစီနေရတာအဆင်မပြေဘဲ ကားကိုတလိမ့်ချင်းသွားဖို့ စက်နှိုးထားရတာကြောင့် ဆီပိုကုန်ကြတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေး ရပ်နားတဲ့အချိန်ဟာလည်းပုံမှန်မရှိဘဲ တခါနားရင် နာရီဝက်၊ တနာရီလောက်ကြာတတ်ပြီး သူတို့မသင်္ကာတဲ့ကားဆိုရင် ဆူးထိုးပြီးစစ်ဆေးလေ့ရှိတယ်လို့ ပြောပါတယ်။

ဆီကုန်တာအပြင် အချိန်အများကြီးစောင့်ရတာကြောင့် ရန်ကုန်၊ မော်လမြိုင်နဲ့ မြဝတီတို့ကို ပို့မယ့် ကုန်စိမ်းတွေ ပျက်စီးတာတွေလည်းရှိနေတယ်လို့ ကုန်ကားမောင်းနေသူတဦးက ပြောပါတယ်။

“ဒီမှာကခြံထဲမှာ ဒီနေ့ခုတ်ဒီနေ့တင် ညနေဆိုရင် ကားဆင်းရပြီ။ နောက်နေ့မနက် ရန်ကုန်အရောက်ဝင်ပေးရတယ်။  မြဝတီတို့၊ မော်လမြိုင်တို့ဆိုရင် ညနေအရောက်မောင်းပေးရတယ်။ အခုအဲ့လိုမောင်းလို့ မရတော့ဘူး။ ကုန်သည်တွေလည်း နစ်နာသလို ခြံရှင်တွေဘက်ကလည်း နစ်နာရတာပါပဲ”လို့ ဆိုပါတယ်။ 

X-Ray စက်ဖြတ်ဖို့ ပန်းစာပေးတဲ့နေရာမှာလည်း ပိုက်ဆံပေးကြရပြီး ကုန်တင်ကားတွေဆိုရင် ၅၀၀ ကနေ ၅,၀၀၀ အထိပေးကြရကာ ကျောက်မီးသွေးနဲ့ သတ္ထုတင်တဲ့ကားတွေဆိုရင် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိပေးနေကြရတယ်လို့သိရပါတယ်။ 

 

#မြေလတ်အသံ

#မန္တလေးတိုင်း #သာစည် #ကျွဲတပ်ဆုံ #X-Ray #ရှမ်းပြည်တောင်ပိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10