ဒီပဲယင်းမြို့က Non-CDMနဲ့ တပ်မိသားစုဝင်တချို့ကို စစ်တပ်ကခေါ်ထုတ်ပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေ

ဒီပဲယင်းမြို့က Non-CDMနဲ့ တပ်မိသားစုဝင်တချို့ကို စစ်တပ်ကခေါ်ထုတ်ပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က Non-CDM ဝန်ထမ်းတချို့နဲ့ တပ်မိသားစုဝင်တချို့ကို စစ်ကောင်စီတပ်က လာရောက်ခေါ် ထုတ်သွားပြီးနောက် ဒီပဲယင်းက ကျေးရွာတွေကို စစ်ကြေင်းထိုးမီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ  ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ စည်ပင်ဦးစီးမှူးမိသားစု၊ တပ်အရာရှိတဦးရဲ့ဇနီး Non-CDMဆရာမ၊ တပ်မိသားစုဝင်တချို့၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးမိသားစုတွေကို အိမ်စီးကား ၂ စီးနဲ့ ရေဦးမြို့ဘက်ကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“သူတို့စိတ်သူတို့မလုံတော့ လုံခြုံမယ်ထင်တဲ့နေရာကိုရွှေ့တာ။ အမှန်တော့သူတို့အတွက် ဘယ်နေရာမှ မလုံခြုံဘူး” လို့ ဒီပဲယင်းမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်က Non-CDM တချို့၊ တပ်နဲ့ပတ်သက်နေသူတချို့ကိုသာ ခေါ်ထုတ်သွားတာဖြစ်ပြီး ထွေအုပ်၊ ပညာရေးအပါအဝင် အခြား Non-CDM ဝန်ထမ်းတွေ မြို့ပေါ်မှာကျန်ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

အဲ့ဒီလိုခေါ်ထုတ်သွားပြီးတဲ့နောက် အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၇ ရက် မနေ့မနက်ပိုင်းမှာ ဒီပဲယင်းမြို့ဘက်ကို စစ်ကြောင်းထိုးလာပြီး အောင်ချမ်းသာရွာကို စတင်ဝင်ရောက် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အောင်ချမ်းသာရွာကိုမီးရှို့ပြီးနောက် ပင်စည်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီနေ့မနက် ၈ နာရီခန့်မှာ ပင်စည်ရွာနဲ့ ၁ မိုင်ခန့်အကွာရှိ ခွန်တောင်းရွာကို ဆက်လက်စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

“ ဒီပဲယင်းထဲကိုမဝင်တာ ရက်ပေါင်း ၅၀ လောက်ရှိပြီ။ အခုမှပြန်ပြီးစဝင်တာ။ သူတို့ အိမ်တွေကို အများကြီးတော့ မီးရှို့သွားမှာမဟုတ်ဘူး။ ၁ လုံးစ ၂ လုံးစလောက်ပဲ မီးရှို့သွားတာ။ ရွာသားတွေလည်း သူတို့မလာခင်က ကြိုရှောင်ထားနိုင်တော့ ဖမ်းဆီးခံရတာတွေမရှိဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းက ပုဂံရွာမှာရောက်ရှိနေပြီး ဒီပဲယင်းနယ်တဝိုက်ကို စစ်ကြောင်းထိုးနေလို့ ငြုတ္တုံ ၊ ကုန်းကြီး ၊ ကုန်းတန်း ၊ နှောကုန်း ၊ ဇီးကုန်း ၊ ရွာမိဿာ ၊ မုတ်ဆီ ၊ မူးဆုံ ၊ မစိုးရိမ် ၊ အောင်ချမ်းသာ ၊ ခွန်တောင်း ၊ ပုဂံ အစရှိတဲ့ကျေးရွာ ၁၂ ခုက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကြောင်းထိုးမီးရှို့နေလို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ် ဒေသခံများ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #NonCDM #တပ်မိသားစု #ခေါ်ထုတ်သွား #စစ်ကြောင်းထိုး #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10